C - 8

5.7K 340 11
                                    

(unicode)

အခန်း | ၈ |

တန်ဖိုးကြီး ပိုးဖဲဝတ်စုံကို ဝင်ဆင်ထားပြီး သူမ၏ အင်္ကျီ ကြယ်သီး နေရာများကို ကျောက်စိမ်း ကြယ်သီးများက နေရာယူ၍ ထား၏။ နား၌ ပန်ဆင်ထားသည့် ရတီပြည့်လှသော စိန်နားကပ်ကြီးက တဖျတ်ဖျတ် လက်နေပြီး လည်ပင်းမှ စိန်ဘယက် သည်လည်း ထိုနည်းတူစွာ တောက်ပ၍ နေသည်။

အမျိုးသမီးကြီးက အသက် လေးဆယ်ကျော် ငါးဆယ်ခန့် ရှိနေသော်လည်း အရွယ်နှင့် မလိုက်အောင်ပင် လှပကာ နုပျိုလွန်း၏။ သူမနာမည်က ဒေါ်ထိပ်တင်ထား။ မန္တလေးမြို့၌ ဒေါ်ထိပ်တင်ထား ဟူသည်က မသိသူမရှိလောက်အောင်အထိ ချမ်းသာ ကြွယ်ဝလွန်းသူ။

ယခုသူမက ကျွန်းခုံတစ်ခုပေါ်တွင် ထိုင်နေပြီး သူမ၏ မျက်နှာက တင်းမာ ခက်ထန်လွန်းနေသည်။ သူမ၏ အနီး ကြမ်းပြင်တွင် အသက် နှစ်ဆယ်ကျော်ခန့် မိန်းကလေးတစ်ဦးက ထိုင်နေပြီး သူမ၏ ပါးပြင်ထက်တွင် မကြာသေးခင်ကမှ ခမ်းခြောက်သွားခဲ့ပုံ ပေါ်သည့် မျက်ရည် စီးကြောင်းတို့က ထင်ကျန်ရှိနေဆဲပင်။

ထိုစဥ် အသက် နှစ်ဆယ့်ငါး နှစ်ခန့် ရှိသော လူငယ် တစ်ယောက်က အပေါ်ထက် ကျွန်းလှေကားများပေါ်မှ ဆင်းလာပြီးနောက် ကြမ်းပြင်ပေါ်၌ ထိုင်နေသည့် မိန်းကလေးအား ကြည့်လိုက်သည်။ ထို့နောက်တွင် သူက ဒေါ်ထိပ်တင်ထားအား ကြည့်လိုက်ပြီး...

" မယ်မယ် လုပ်နေတဲ့ အရာတိုင်းက၊ မှန်နေတယ်လို့ မယ်မယ် ထင်နေတာလား၊ အခု သော်ကအပေါ်ကို လုပ်တဲ့အလုပ်ကတော့ မယ်မယ် တရား လွန်လွန်းတယ်လို့ ကျွန်တော်ကတော့ ယူဆတယ် "

" တော်စမ်း... သိဂ္ဂါ မင်းစကားတွေက တော်တော့်ကို တရားလွန်လာပြီ၊ မယ်မယ်တို့ရဲ့ မျိုးနွယ်က မင်းစော်ကားချင်တိုင်း စော်ကားလို့ရတဲ့ မျိုးနွယ်မျိုး မဟုတ်ဘူး "

" တော်ပါတော့ မယ်မယ်ရယ်၊ ကျွန်တော် ဒီလိုမျိုးစကားတွေကို ကြားရတာများလွန်းလို့၊ နားမထောင်ချင်တော့ဘူး၊ ကျွန်တော်တို့ အဘိုး အဘွားတွေက တစ်ချိန်က အနွယ်တော်တွေ ဆိုတာမှန်တယ်၊ ဒါပေမဲ့လည်း အဲတာက အတိတ်မှာ ကျန်ခဲ့ပါပြီ၊ အခုဆိုရင် မျိုးဆက်တွေလည်း ခြားနေပြီ၊ ပြီးတော့ အခုခေတ်က အရင်ကလို မဟုတ်တော့ဘူးနော် မယ်မယ် "

My Lawless Lawyer (Complete - BL)Where stories live. Discover now