C - 29

3.9K 246 17
                                    

(unicode)

အခန်း | ၂၉ |

နေကိုးဟန်သာ၏ ကွန်ဒိုတိုက်ခန်းအတွင်း ခပ်ငြိမ့်ငြိမ့် အနောက်တိုင်း တေးသီချင်းသံများက လွင့်ပျံနေသည်။ ကော်ဖီနံ့သင်းသင်းက လေအလယ် လှုပ်ရှားလူးလွန့်နေပြီး အခန်းလေးက ဒဏ္ဍာရီနယ်မြေတစ်ခုနှယ် နှစ်လိုဖွယ်ကောင်းနေ၏။ 

ယင်းအခန်း၏ စာကြည့်ခန်းတွင်တော့ နေကိုးဟန်သာက မျက်မှန်ခပ်သေးသေးကိုတပ်ကာ သူ့လက်ချောင်းလေးများက ကွန်ပျူတာ ကီးဘုတ်ပေါ်၌ ခပ်မြန်မြန် လှုပ်ရှားနေသည်။ ထိုစဥ် စာတိုတစ်စောင်က အရေးကြီးသော အမှတ်သင်္ကေတတစ်ခုနှင့်အတူ ကွန်ပျူတာ မျက်နှာပြင်၏ အောက်ထောင့်၌ ထွက်ပေါ်လာသည်။

မျက်နှာပြင်ပေါ်မှ စေညွန်ရာမြားသည် အသုံးပြုသူ၏ စေညွှန်ရာအတိုင်း ယင်းစာတိုဆီသို့ ရောက်ရှိသွားပြီး စာတစ်စောင်က မျက်နှာပြင်ပေါ်၌ ထွက်ပေါ်လာ၏။ သူက မိနစ်အနည်းငယ် အချိန်ပေးကာ ဖတ်ရှု့ပြီးနောက် စားပွဲပေါ်၌ရှိသော ဖုန်းဆီသို့ လက်ကရောက်ရှိသွားပြီး ကိန်းဂဏာန်းအနည်းငယ်ကို နှိပ်လိုက်သည်။

~ တူ ... တူ ~

ဖုန်းက ခေါ်ဆိုသူဆီသို့ ဝင်ရောက်သွားပြီး စက္ကန့်တစ်ခုခြားတိုင်း အသံတစ်ခုကို ပေးပို့သည်။ ထို့နောက် တစ်ဖက်လူ၏ ကိုင်ဆောင်မှုနှင့်အတူ တစ်ဖက်မှ အသံက ထွက်ပေါ်၍ လာလေသည်။

” တူလေး အရေးကြီးလို့လား ”

” ဟုတ်တယ် ဦးလေး အခုပဲ ကိုယ့် မေးလ်ကို စာတိုဝင်လာတယ်၊ မနက်ဖြန်အတွက် ကုမ္ပဏီမှာ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ အစုရှယ်ယာရှင်တွေ၊ စတော့စ်ရှယ်ယာရှင်အားလုံးအတွက် အရေးကြီးတဲ့ meeting ရှိတယ်ဆိုတာ ပေးပို့လာတဲ့ အကြောင်းကြားစာ ရောက်လာတယ်၊ ဆိုတော့ ကျွန်တော် ဒီနေ့ ဖိုးဖိုးရဲ့ အတွင်းရေးမှုးနဲ့ တွေ့နိုင်အောင် ဦးလေး စီစဥ်ပေးမှ ဖြစ်တော့မယ် ထင်တယ် ”

” ကောင်းပြီတူလေး နေ့လယ်လောက် ဦးလေးသိင်္ဂီကို ချိန်းလိုက်မယ်၊ နေရာကို message ပြန်ပို့ပေးမယ်နော် ”

” ကျေးဇူးဦးလေး ကိုယ်စောင့်နေမယ် ”

ဖုန်းချပြီးသည်နှင့် သူက ကွန်ပျူတာ၏ နံဘေး၌ အငွေ့တထောင်းထောင်း ထနေသော ကော်ဖီခွက်ကိုယူကာ တစ်ငုံခန့် စုပ်သောက်လိုက်သည်။ ကော်ဖီနံ့က နှာသီးဝသို့ ဝင်တိုက်ပြီး လည်ချောင်းတစ်လျှောက် ပြေးဆင်းသွားသည့်အခါ လူငယ်၏ နှုတ်ခမ်းထောင့်က ခပ်ပါးပါးအပြုံးတစ်ခု တွန့်ချိုးထွက်ပေါ်၍ လာလေသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now