C - 17

4.6K 279 4
                                    

(unicode)

အခန်း | ၁၇ |

အဆင့်အတန်း မြင့်မားလှပြီး ကမ္ဘာ့ ဟိုတယ်လုပ်ငန်းနှင့် စားသောက်ကုန် အဖွဲ့အစည်း၏ အသိအမှတ် ပြုခြင်းကို ခံထားရသည့် ဟိုတယ်တစ်ခု၏ အတွင်း။ သာမန် လူများအတွက် မဟုတ်ဘဲ အထူး ဂုဏ်သရေရှိ လူကြီး လူကောင်းများ အတွက်သာ ပြုလုပ်ထားသည့် VIP အခန်းတစ်ခု အတွင်း၌ ဖြစ်သည်။

ရောက်ရှိနေသည့် လူတိုင်းက မြန်မာနိုင်ငံ လုပ်ငန်းရှင် လောက၌ ကျင်လည်နေကြပြီး နေရာတစ်ခု နာမည်တစ်ခု ရရှိထားသည့် သူများသာ ဖြစ်သည်။ စုစုပေါင်း (၉) ယောက်ရှိနေပြီး သူတို့က တစ်စုံတစ်ဦးကို စောင့်နေကြဟန် ရှိသည်။ သူတို့အားလုံး၏ ရှေ့တွင် စုံလည်စားပွဲတစ်ခု ရှိပြီး စားပွဲပေါ်၌ ထိပ်တန်း စားသောက်ဖွယ်များ ခင်းကျင်းထားသည်။

အခန်း၏ ထောင့်စွန်းနေရာတွင် နိုင်ငံခြားငွေနှင့်ပင် ဂဏာန်းလေးလုံးခန့် ရှိသည့် ရှန်ပိန်နှင့် ဝိုင်များကို စင်တင်၍ ထားပြီး အလိုရှိသူတိုင်းက ယူငင် သုံးဆောင်နိုင်သည်။ အားလုံးသော လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း စကားပြောခြင်းတော့ မရှိ။

သို့သော်လည်း သူတို့အားလုံး၏ မျက်ဝန်းတွင် ထူးဆန်း အံ့သြသည့် ဟန်များတော့ အသီးသီး ထင်ကျန်လျက် ရှိကြ၏။ ဟုတ်သည်။ ထိုလူများအားလုံးသည် ဟန်သာမိသားစု ကုမ္ပဏီ၏ အဓိက ရှယ်ယာဝင်များပင် ဖြစ်သည်။ သူတို့ အားလုံးကို တစ်နေရာတည်း တွေ့ဆုံဖို့က အတော်ပင် ခဲယဥ်းလှသည်။

သို့သော်လည်း ယခုတော့ သူတို့အားလုံးက လူတစ်ယောက်၏ ဖိတ်ကြားမှုကြောင့် ဤနေရာသို့ အသီးသီး ရောက်နေကြသည်။ ဖိတ်ကြားမှုက လျှို့ဝှက်ထားပြီး ဤအခန်းထဲ ရောက်လာတော့မှ သူတို့အားလုံးက သူတို့အပြင် အခြား ရှယ်ယာရှင်များကိုလည်း ဖိတ်ထားကြောင်း သိရှိကြခြင်း ဖြစ်သည်။

ဟန်သာမိသားစုသည် လုပ်ငန်းရှင်များ၏ ထိပ်ဆုံး၌ ရှိပြီး သူတို့ပိုင်ဆိုင်သည့် အရာများမှာလည်း ချပြ၍ မရလောက်သည်အထိ များမြောင်လှသည်။ ယခု အခန်းအတွင်းမှ ရှယ်ယာရှင်များသည် ဟန်သာမိသားစု အစုရှယ်ယာ၏ (၁၀) ရာခိုင်နှုန်းအထက် ပိုင်ဆိုင်ထားသူများသာ ဖြစ်သည်။ (၁၀) ရာခိုင်နှူန်းအောက် ပိုင်ဆိုင်သူများအနေဖြင့် ဤသီးသန့် တွေ့ဆုံမှု၌ အရေးမပါပုံ ရသည်။

My Lawless Lawyer (Complete - BL)Where stories live. Discover now