အခန်း ၅၈ Zawgyi

1K 67 1
                                    

အပိုင်း (၅၈) ချောလိုက်တဲ့ အသစ်လေး

ကျန်းလော့သည် လန့်မသွားဘဲ ခေါင်းစောင်းကြည့်လိုက်ကာ မျက်လုံးများပင်ပြုံးနေပြီး

"တစ်စုံတစ်ယောက်သေသွားတုန်းက ချီမိသားစုက မျက်ရည်စက်မှမကျတာကို တွေးတွေးပြီး ရယ်နေတာ"

ဆံပင်အနက်ရောင်အလှလေးသည် ရန်လိုသောမျက်လုံး နီရဲသော နှုတ်ခမ်း နှင့် နက်မှောင်တောက်ပနေသောဆံပင်များဝဲနေသော နဖူးဖြူဖြူလေးနှင့် သူ့ကို လှည့်ပြီး ပြောလာသည်။ သူသည် အရိပ်ထဲတွင် ကောင်လေးကို အနောက်မှဖက်ထားပြီး မျက်နှာကိုငုံ့ကြည့်လိုက်ကာ

"သူတို့မျက်ရည်တွေက ညစ်ပတ်တယ် ဒါပေမဲ့ မင်းလေးကတော့ မညစ်ပတ်ပါဘူး"

ချီယုံသည် လက်တစ်ဖက်ကို ကျန်းလော့ခါးပေါ်တင်ထားပြီး နောက်တစ်ဖက်မှာ ကျန်းလော့၏လက်ချောင်းများကို ဆော့နေသည်။ ထို့နောက် သူ့လက်နှင့်ထပ်ကိုင်ကာ ကျန်းလော့နှင့်အတူ ခေါင်းတလားကိုလက်ညိုးထိုးလိုက်ပြီး ဆိုးယုတ်စွာရယ်လိုက်သည်။

"အဲ့ဒီနေ့က မင်းကိုယ့်ရှေ့မှာ ဒူးထောက်ခဲ့ပြီး လူတွေရှေ့မှာ ကိုယ့်အတွက်အများကြီး ငိုနေခဲ့တာ"

သူတို့နှစ်ယောက်ကြားတွင် အခြားလူဝင်မရအောင် ပူးကပ်နေပြီး သူတို့ကို မြူနက်များဖုန်းအုပ်နေသည်။ သူ၏ထန်ခေတ်ဝတ်စုံအနက်ရောင်သည် မြူနက်များနှင့် တသားတည်းဖြစ်နေပုံမှာ ဖြူဖွေးနေသော အလှလေးကိုး ထုပ်ပိုးသိမ်းထားသလို ဖြစ်နေသည်။ ကျန်းလော့သည် သူ့ဘေးတွင် တအားမှောင်နေသောကြောင့် နှစ်ကြိမ်လောက် ခလုတ်တိုက်မိသွားသည်။ ချီယုံသည် သူထင်ထားသည်ထက်ပင် သတ္တိရှိသည်။ ဤနေရာတွင် ရုပ်လွန်ပညာအဖွဲ့အစည်းမှ လူအားလုံးနီးပါး ရှိနေသည်ကို ပေါ်ပေါ်ထင်ထင်ဝင်လာရဲသည်။

ကျန်းလော့သည် သူလာလျှင် ရုပ်သေးခန္ဓာတစ်ခုကိုသုံး၍ လာမည်ဟုသာထင်ခဲ့သည်။ သို့သော် ချီယုံသည် အကောင်လိုက်ရောက်ချလာသည်။

'သူကိုယ်တိုင်ဒီနေရာကို ရောက်နေတာတောင် ချီမိသားစုက သတိမထားမိဘူး'

ကျန်းလော့သည် ဖုန်းလီထိုင်နေသော ဘက်သို့ လှမ်းကြည့်လိုက်သည်။ ဖုန်းလီတို့အုပ်စုသည် ဧည့်သည်များနောက်ဘက်တွင် သီးသန့်ထိုင်နေကြသည်။ ကျန်းလော့သာ အသံကျယ်ကျယ်ပြောလိုက်လျှင် ဖုန်းလီသည် ချီယုံကို သတိထားမိသွားနိုင်သည်။

ပြောစရာမလိုစွာပင် ကျန်းလော့သည် ချီယုံနှင့် ဖုန်းလီတိုက်ခိုက်မည်ကို တအားမြင်ချင်နေသည်။ သူသည် ပျင်းရိစွာဖြင့် ပြောလိုက်သည်။

"ချီယုံ၊ ဖုန်းလီကိုတွေ့သွားမှာ မကြောက်ဘူးလား ဆရာကငါ့ကို သတိပေးထားတယ် မင်းကိုတွေ့ရင် သူ့ကိုပြောဖို့ သူကမင်းဝိဉာဉ်ကို အစိတ်စိတ်အမွှာမွှာ ဖြဲပစ်လိုက်လိမ့်မယ်"

မကောင်းဆိုးဝါးသည် ရယ်လိုက်ပြီး

"နားထောင်ရတာ ကိုယ်တို့က သူ့ကွယ်ရာမှာ ဖောက်ပြန်နေသလိုပဲနော်"

သူသည် ပြုံးစစဖြင့် ဆက်ပြောလိုက်သည်။

"ဒါဆိုလည်း သူ့ကို လာဖြဲခိုင်းလိုက်လေ ကိုယ်ကြည့်လိုက်ပါဦ်းမယ် ကောင်းကင်ဆရာသခင်ကြီးရဲ့ အစွမ်းအစက ဘယ်လောက်တောင်မြင့်လဲဆိုတာ"

'ဖောက် ဖောက်ပြန်တယ်'

ထိုစကားကိုကြားပြီးနောက် ကျန်းလော့သည်တောင့်တင်းသွားပြီး ပါးနှစ်ဖက်လုံး ပူထူသွားသည်။ ထို့နောက်သူသည် အကြောင်းအရာနောက်တစ်ခုပြောင်းပြောလိုက်သည်။

"မင်းကလေ သိပ်သနားစရာကောင်းတာပဲသိလား၊ မင်းအသုဘတုန်းက ငိုပေးတဲ့သူကလည်း ငါတစ်ယောက်ထဲရှိတယ် ဒါပေမဲ့ ငါ့မျက်ရည်တွေက လူတွေကိုလိမ်ဖို့ကျခဲ့တာ တွေးကြည့်လိုက်ရင် မင်းအတွက် စိတ်ရင်းနဲ့ ဘယ်သူကမှ မျက်ရည်မကျခဲ့ဘူးပဲ"

"ဒါဆိုရင်တော့ ကိုယ်တစ်ကယ်စိတ်ဝင်စားသွားပြီ၊ မင်းတကယ်ဝမ်းနည်းပြီး ငိုနေတဲ့အချိန်ကျရင် ဘယ်လိုလေးဖြစ်မလဲလို့ တအားသိချင်နေပြီ"

ချီယုံ၏အသံသည် ချွဲပစ်နေပြီး ကျန်းလော့လက်ချောင်းများကိုကိုင်ပြီး ပူဆွေးနေသော ချီမိသားစုကို ညွှန်ပြလိုက်ကာ

"မင်းဟန်ဆောင်တာဆိုရင်တောင် သူတို့ထက်တော့သာပါတယ်ကွာ"

ကျန်းလော့သည် ချီမိသားစုကိုကြည့်လိုက်သည်။ အပိုဟန်လုပ်ငိုနေသော သူတို့ကိုကြည့်၍

'မဖြစ်နိုင်လိုက်တာ တကယ်ကြီး ငါဟန်ဆောင်ပြီးငိုတာတောင် သူတို့ထပ်စစ်မှန်သေးတယ်'

မကောင်းဆိုးဝါးသည် ကိုယ်ကိုကိုင်း၍ ဆံပင်အနက်ရောင်လူငယ်လေးကို ရှက်သွားအောင်စနေပြီး သူ့မျက်လုံးများသည် ထိုလူစုကိုကြည့်နေကာ

"အဲ့ဒီလူကို အရင်ကြည့်လိုက်"

ကျန်းလော့၏လက်သည် အလယ်နားတွင်ထိုင်နေသော သက်လတ်ပိုင်းလူကို ညွှန်ပြနေပြီး

"မင်းနှလုံးသားကို ဖွင့်ပြီး သေချာကြည့်လိုက်"

ကျန်းလော့သည် ထိုလူကိုကြည့်လိုက်ပြီး သတ်လတ်ပိုင်းလူကြီးကို ပြောရလျှင် သေဆုံးသူ၏ဖခင်ကို စူးစိုက်ကြည့်လိုက်သည်။ ထိုလူသည် ယူကြုံးမရစွာ ရင်ဘက်ထုပြီး ကျယ်ကျယ်လောင်လောင်ငိုကြွေးနေသည်။ ပုံမှန်ပင် ဖြစ်သော်လည်း ကျန်းလော့သည် ထိုသူကိုဝိုင်းရံနေသော အနက်ရောင်အလွှာပါးပါးကို တွေ့လိုက်ရသည်။ အနက်ရောင်အရောင်အဝါနှင့် မကောင်းဆိုးဝါး မြူနက်နှစ်ခုသည် မတူညီသောအရာများဖြစ်သည်။ မကောင်းဆိုးဝါးမြူနက်များသည် သိပ်သည်းပြီး ကြောက်မက်ဖွယ် အရှိန်အဝါနှင့် အခြားပြောမပြနိုင်သော ဆိုးယုတ်သောစွမ်းအားများပါရှိသည်။ သို့သော် သက်လတ်ပိုင်းလူကို ဖုန်းအုပ်နေသော အမဲရောင် အရှိန်အဝါမှာ အသားများပုတ်နေသကဲ့သို့ ရွံစရာကောင်းသည် အမှိုက်ကဲ့သို့ ခံစားချက်မျိုးဖြစ်သည်။

"အဲ့ဒါက သူများကို ပျက်ဆီးစေချင်တဲ့ ပုတ်သိုးနေတဲ့ စိတ်ဓာတ်ပဲ"

ချီယုံသည် တည်ငြိမ်စွာပြောလိုက်သည်။

"ပြီးတော့ မိစ္ဆာနတ်နှလုံးသားက မင်းကို သူတို့ရဲ့ စိတ်ဓာတ်အမှန်ကို မြင်စေလိမ့်မယ်၊ သူ့ကိုသေချာကြည့်စမ်းကွာ ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ"

ကျန်းလော့သည် ကြောင်အသွားပြီး ထိုသူကို သေသေချာချာစိုက်ကြည့်လိုက်သည်။ ထိုလူ၏အနက်ရောင်အလွှာကို ဖောက်ထွင်းကြည့်လိုက်ရာ ရွံစရာအတွေးများကို ကြားလိုက်ရသည်။

'ငါ့သားကတော့ သေပြီ၊ သူ့အမေနဲ့ငါ့မှာ ကလေးဆိုလို့သူတစ်ယောက်ပဲ ရှိတာ၊ အားလုံးပြီးသွားပြီ ချီအိမ်ရဲ့ နောက်တက်မဲ့ ခေါင်းဆောင်က ငါ့သွေးသားမဖြစ်နိုင်တော့ဘူး၊ မဟုတ်သေးဘူး ကလေးအမေနဲ့ ဒီညကြိုးစားလိုက်ရင် နောက်ထပ်ကလေးတစ်ယောက်ရလာမှာပဲ'

'ဘယ်လိုလုပ်ပြီး သူတစ်ယောက်ပဲသေသွားရတာလဲ၊ တခြားလူတွေကျ ဘာမှမဖြစ်ဘဲနဲ့ ဖင်ထဲကတောင်နာလာသလိုပဲ ချီးးးး၊ သူ့အမေကလည်း အိုပြီးအထဲမှာခြောက်နေပြီ သူ့ကိုဘယ်လိုမှ ခံစားလို့မရဘူး၊ အပြင်မှာပဲ တရားမဝင်ကလေးတစ်ယောက်ယူပြီး တိတ်တိတ်လေးပျိုးထောင်လိုက်ရမလား'

ထို့နောက်ချီယုံသည် ထိုလူ့ဘေးရှိ အမျိုးသမီးကို ညွှန်ပြလိုက်ပြီး

"သူမကို ကြည့်"

ကွယ်လွန်သူ၏အမေသည် ငိုကြွေးရလွန်းလို့ မေ့လဲတော့မလိုပင် ဖြစ်နေသည်။ သို့သော်သူမသည် ညာဘက်လက်ဖြင့် ခါးကို အသာအယာကိုင်ထားကာ သက်လတ်ပိုင်းလူကို မလုံမလဲ ကြည့်ကြည့်နေသည်။ သူမသည် စက်ဆုပ်ဖွယ်ကိစ္စကို ကျူးလွန်ထားပြီး ဤအနေအထားကို စိတ်ပျက်နေပုံပေါ်သည်။

'သူ့ဦးလေးနဲ့ ဒီညစကားပြောမှရမယ် ငါ့ဗိုက်ကိုဘယ်လိုလုပ်ဖို့ ဆုံးဖြတ်ထားလဲမသိဘူး....................မွေးဖို့တော့နည်းလမ်းရှိမှာပဲ ချီမိသားစုသွေးသားပဲကို အိမ်ကလူကိုတော့ သူ့ကလေးမဟုတ်တာ ပေးမသိတော့ဘူး'

ကျန်းလော့သည် အံ့ဩစွာရယ်လိုက်သည်။ ချီယုံသည်လည်း ကျန်းလော့လက်ကို လွတ်ပြီး အတူလိုက်ရယ်နေသည်။

"ဒီလိုအတွေးတွေက အပေါစားဆန်ပြီး စိတ်ဝင်စားဖို့မကောင်းဘူး"

"ဒါပေမဲ့ မင်းကတော့မတူဘူး"

ချီယုံသည် ကျန်းလော့၏ဆံပင်ထဲတွင် မျက်နှာအပ်၍ ဆံပင်အနက်ရောင်လူငယ်လေး၏ ကိုယ်သင်းနံ့ကို ခပ်ပြင်းပြင်းရှူကာ

"ဘာလို့လဲဆိုတော့ ကိုယ်မင်းကို မမြင်ရဘူး မင်းကသူတို့ထက်ပိုပြီး စွဲမက်စရာကောင်းတယ်"

ကျန်းလော့သည် နှာမှုတ်လိုက်ပြီး

"မင်းက ဒါလေးပြောဖို့ သူများအတွင်းစိတ်တွေ ဖွင့်ပြတာလား"

"သေချာပေါက်......မဟုတ်ဘူးပေါ့"

ချီယုံသည် တည်ကြည်သောမျက်နှာနှင့်

"ကိုယ်မင်းကိုအကွယ်နားမှာပုန်းနေတာ မြင်လိုက်လို့ အံ့ဩစရာကောင်းတဲ့ အကြောင်းအရာလေးတွေ မင်းကိုမျှဝေချင်တာ မထိန်းနိုင်တော့လို့လေ၊ ဒီအံ့ဩစရာကို သဘောမကျဘူးလား၊ မင်းစိတ်ဝင်စားရင် ကိုယ်နဲ့ပူးပေါင်းပြီး ချီမိသားစုကို အတူတူဖျက်ဆီးကြမယ်လေ"

"ဘယ်လိုတောင် ဆိုးဝါးတဲ့ အံ့ဩစရာလဲ"

ကျန်းလော့သည် လှောင်ပြုံးပြုံး၍ ပြန်ထေ့ငေါ့လိုက်သည်။

"စိတ်မကောင်းပါဘူး ချီမိသားစုက အရိုးထဲထိ ပုတ်သိုးနေရင်တောင် ငါနဲ့ဘာမှမဆိုင်ဘူး"

ချီယုံသည် ရုတ်တရက် အဓိပ္ပာယ်ရှိရှိပြုံးလိုက်ပြီး

"မဟုတ်သေးဘူးလေ ကိုယ့်ချစ်သူလေးအနေနဲ့ သေချာပေါက် သူတို့နဲ့ နည်းနည်းတော့ ဆက်နွယ်မှုရှိတယ်လေ"

ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး သံသယဖြစ်လာသည်။ ချီယုံသည် သူ့ကိုကြည့်၍ ရယ်လိုက်ကာ ကျန်းလော့နားနားကပ်၍

"ကိုယ်နဲ့ လာပူးပေါင်းပြီး ချီမိသားစုကို ရှင်းမဲ့အချိန်ကို စောင့်နေမယ်နော်"

ကျန်းလော့သည် လုံးဝတွေဝေမသွားဘဲ

"ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး"

"ချီယုံ ငါမင်းနဲ့ ဒီလိုပျင်းစရာကောင်းအောင် မဆော့ချင်ဘူး"

ဆံပင်အနက်ရောင် လူငယ်သည် သူ့ကို သတိပေးကြည့်ကြည့်လိုက်ပြီး မကောင်းဆိုးဝါးလက်ထဲမှ သူ့ဆံပင်များကို ပြန်ဆွဲယူလိုက်ကာ

"ပြီးတော့ မင်းအရမ်းကပ်နေတာ ငါ့ဆံပင်တွေနဲ့တောင်ထိတော့မယ်"

မကောင်းဆိုးဝါးသည် သူ့လက်ထဲမှ လျောထွက်သွားသော ဆံပင်များကို နှမြောစွာကြည့်၍

"လောင်းမလား"

"ကိုယ်မင်းကို မကြာခင်လာတွေ့မယ်"

"ပြီးတော့ ကိုယ်ဘယ်သူလဲ ခန့်မှန်းထား ပြီးရင် ချီမိသားစုကို ဖျက်ဆီးဖို့ အစီစဉ်ဆွဲထားပေး မလုပ်ပေးရင်တော့ ကိုယ်က မင်းရှုံးသွားပြီလို့ သတ်မှတ်လိုက်မှာနော်၊ အားး ဒါနဲ့ ကိုယ်မင်းကို လျှို့ဝှက်ချက်ကြီး တစ်ခုပြောပြဦးမယ်"

သူ့လက်မောင်းများသည် လူငယ်လေးကိုတင်းတင်းဖက်ထားပြီး သူသည် အသံလေးလေးဖြင့် ပြောလိုက်သည်။

"မင်းလေးရှုံးသွားရင်တော့ ရှက်လိုက်မယ့်ဖြစ်ခြင်း"

"မင်းကိုယ့်ကို တကယ့်မင်းက ဘယ်သူလဲ ပြောပြရမယ်"

ကျန်းလော့သည် မျက်လုံးပြူးသွားပြီး လက်မြှောက်လိုက်ကာ ချီယုံကိုတံတောင်ဆစ်နှင့်တိုက်လိုက်ပြီး ချုပ်ခံထားရသည်မှ ရုန်းလိုက်သည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ မကောင်းဆိုးဝါးသည် ပြုံးပြလိုက်ပြီး တစ်ခနအတွင်းမြူနက်များကြားတွင် ပျောက်သွားတော့သည်။ ကျန်းလော့သည် မျက်စိအကြောင်သားနှင့် ကျန်ခဲ့ပြီး နာရီဝက်ခန့်ကြာသောအခါ အေးစက်စွာပြုံးလိုက်သည်။ ချီယုံသည် သူ၏အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို သိထားသည်။ ထိုအရာသည် ကျန်းလော့ကို ပြင်းပြစွာ သူ့အားအနိုင်ယူစေလိုသည်။ သူသည်လည်း ချီယုံ၏ လျှို့ဝှက်ချက်အကြီးကြီးရှာပြီး ပါးပြန်ရိုက်ပစ်မည်။

ခြံဝန်းထဲတွင် ချီမိသားစု၏တစ်ဦးထဲသော ပါရမီရှင်ဖြစ်သွားသော ချီထျန်သည် လူအုပ်ကြီးဆီမှ ဂုဏ်ပြုစကားကို ကျေနပ်စွာနားထောင်နေသည်။ ချီထျန်သည် ဝပြီး စိတ်ထားကျဉ်မြောင်းသော အမြောက်ကြိုက်သူဖြစ်သည်။ သူ့ဝမ်းကွဲ၏ ဈာပနမှာပင် နားရွက်ချိတ်မတတ်ပြုံးနေသည်။ သူ့သူငယ်ချင်းများသည်လည်း ရယ်မောနေပြီး တစ်ယောက်ကပြောလိုက်သည်၊

"ငါချီထျန်ကို တတိယမြောက်ပွဲစဉ်မှာတွေ့ခဲ့တာ သူကအရမ်းကိုရဲရင့်ပြီး စွမ်းအားကြီးတာကိုတွေ့လို သူနဲ့စကားသွားပြောခဲ့တာ အခုတော့ ငါက ချီမိသားစုရဲ့ အနာဂတ်ခေါင်းဆောင်နဲ့ သူငယ်ချင်းဖြစ်သွားတယ် စတွေ့ထဲက သိတာ သူကပဲ ခေါင်းဆောင်ဖြစ်ထိုက်တာဆိုတာ ဟိုကောင်ကတော့ ပြိုင်ပွဲထဲ သေသွားမယ်မှန်းလည်းကြိုသိပြီးသား"

ချီထျန်၏မျက်နှာသည် ကျေနပ်လွန်း၍ ပြုံးအီနေပြီး

"ချီစင်းသေသွားတာ သနားစရာပါကွာ"

သူသည်ရယ်လိုက်ပြီး မရောင့်ရဲနိုင်သော လူယုတ်မာကဲ့သို့ကြည့်လိုက်ပြီး

"စောစောက ငါက တတိယပွဲစဉ်ကိုတောင် ဝင်နိုင်မှာမဟုတ်ဘူးလို့ပြောတဲ့ သေလောက်အောင် မောက်မာနေတဲ့ကောင် ငါ့ကိုများသူ့ခြေထောက်အောက်မှာထားမယ်ဆိုတဲ့ကောင် အခုတော့ ဘာဖြစ်သွားပြီလဲ ဟမ်"

ယခုအချိန်တွင် ချီစင်းသည် အခေါင်းထဲတွင် လှဲလျောင်းနေပြီး သူဟာသလုပ်နေသည်ကို ဘာမှပြန်မလုပ်နိုင်တော့ပေ၊

ကံကောင်းမှု ဤအဖြစ်အပျက်အားလုံးသည် သူ့အတွက်ကံကောင်းမှုကြီး ဖြစ်သည်။ ယခုဆိုလျှင် သူ ချီထျန်မှလွဲ၍ စွမ်းဆောင်နိုင်မည့်သူ ချီမိသားစုတွင်း မရှိတော့ပြီ၊ ချီမိသားစုသည် သူ့ကိုသာ အားကိုးနေရတော့မည်။ တစ်ယောက်ပြီး တစ်ယောက်လာဂုဏ်ပြုနေသောကြောင့် ချီထျန်သည် မြောက်ကြွမြောက်ကြွ ဖြစ်နေတော့သည်။ ထိုသို့ ဂုဏ်ပြုစကားများကြားတွင် လူတစ်ယာက်သည် သိချင်စွာဖြင့်

"ဖုန်းထျန်းရှိက ပထမရသွားတဲ့ကျောင်းသားလည်း ဒီကိုရောက်နေတယ်ကြားတယ်"

ချီထျန်သည် သူ့ထက်သာသောသများကို မကြိုက်ပေ၊ သူ့ရှေ့တွင် သူ့ထက်အင်အားကြီးသူများ အကြောင်းလာပြောတိုင်း သူသည် အက်ဆစ်ထဲအနှစ်ခံလိုက်ရသလို ခံစားရကာ မနာလိုပြီး သူ့ယုံကြည်မှုကို ပျက်ပြားစေသည်။ သို့သော် သူသည် ပြုံးလိုက်ပြီး

"ကောင်းကင်သခင်ဖုန်းက ငါတို့မိသားစုနှင့်ရင်းနှီးတယ်ဆိုမှတော့ သေချာပေါက် သူ့တပည့်လဲ လာမှာပေါ့"

"ငါအဲ့ဒီ ပထမဆုရှင်ကျန်းလော့အကြောင်း အများကြီးကြားဖူးထားတယ်၊ စိတ်ဝင်စားစရာအကောင်းဆုံးက အဲ့ဒီကျန်းလော့က သခင်ချီယုံနှင့် ကြိုက်နေတာတဲ့၊ ငါကြားတာတော့ ချီယုံက ပိုင်ဟွားတက္ကသိုယ်မှာ လက်ထောက်ဆရာလုပ်တုန်းက ကျန်းလော့ကို အကြာကြီးလိုက်ခဲ့တာတဲ့၊ ပြီးတော့ ကျန်းလော့နဲ့ ချစ်သွားကြရော၊ အဲ့လိုနဲ့ ချီယုံဆုံးသွားတော့ ကျန်းလော့က သူ့ကိုယ်သူသတ်သေပြီး ချီယုံနောက်လိုက်ဖို့ လုပ်ခဲ့တာတဲ့ ဒါပေမဲ့ သူ့ကိုကယ်လိုက်နိုင်သွားကြတယ်၊ သူနိုးလာတော့ သူပြောတာက သူချီယုံကိုသတ်တဲ့သူကို လက်စားချေမယ်တဲ့"

"ဒါဆို ချီယုံရဲ့သေဆုံးမှုမှာ တကယ်ကြီး ပြဿနာရှိနေခဲ့တာလား၊ ဒါပေမဲ့ ကျန်းလော့ရဲ့ အင်အားနဲ့ဆို ပြဿနာရှိနေခဲ့ရင်တောင် ချီယုံအတွက် လက်စားချေဖို့,....................ဟေး ချီထျန် ချီထျန် မင်းဘာလို့ ဒီလောက်တောင် ဖြူဆုတ်နေရတာလဲ"

ချီထျန်သည် ဖြူဖတ်ဖြူရော်နှင့် မြန်မြန်ထွက်သွားသည်။ ထိုသူများထဲမှ တစ်ယောက်သည် ချီထျန်ဝင်သွားသော အိမ်ထဲသို့ သေချာကြည့်နေပြီး ထောင့်တစ်နေရာဆီသို့ ထွက်လာခဲ့သည်။

"ကျွန်တော့ ခင်များခိုင်းတဲ့အတိုင်း သတင်းဖြန့်ပြီးပါပြီ ချီမိသားစုက ဒီညသေချာပေါက် ကျန်းလော့ကို ဘယ်လိုဖြောင်းဖျကြမလဲ ဆွေးနွေးပါလိမ့်မယ်"

ထိုလူသည် မော့ကြည့်လိုက်သည်၊ ထိုသူမှာ ဖုတ်ကောင်ဖမ်းသူ လျောင်ဇီဖြစ်နေပြီး လျောင်ဇီသည် သက်ပြင်းချလိုက်ကာ

"ကျွန်တော်လေ တကယ်ကို ကျန်းလော့နဲ့ သခင်နဲ့မှာ ဒီလိုဇာတ်လမ်းမျိုးရှိလိမ့်မယ်လို့ ထင်မထားဘူးဗျာ"

သူသာသိခဲ့လျှင် သူသည် ကျန်းလော့၏ကိုယ်ကို လိုချင်ခဲ့လိမ့်မည် မဟုတ်သလို ကျန်းလော့ ယွမ်ထျန်းကျူးကိုရသွားအောင် ကူညီလိုက်ဦးမှာဖြစ်သည်။

'ဘယ်လိုဘဲပြောပြော သူက သခင့်ရဲ့ ချစ်သူဖြစ်နေတယ်လေ'

'အခုတော့ အသက်လေးမဆုံးသွားလို့ တော်ပါသေးတယ်'

ဤကဲ့သို့ အသေးအဖွဲ သတင်းဖြန့်သည့်ကိစ္စမျိုးကို ရုပ်သေးကောင်များကို လုပ်ခိုင်းလျှင်ရသော်လည်း သခင်သည် သူ့ကို ကိုယ်တိုင်လုပ်ခိုင်းခဲ့သည်။ လျောင်ဇီသည် သခင်က သူ့ကို အပြစ်ပေးသည်ဟုပင်ထင်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ကျန်းလော့ခန္ဓာကိုယ်ကို သူ့ခန္ဓာအသစ်အဖြစ်လိုချင်လိုက်မိသောကြောင့်ပင်။

လျောင်ဇီသည် သူ၏ပျက်ဆီးနေပြီဖြစ်သော ခန္ဓာနှင့် ရှန်းရှီမှ သည်နေရာအထိ ပျံသန်းလာခဲ့ရသောကြောင့် မသေမရှင်ဖြစ်နေလေပြီ။ သို့သော်သခင်သည် တော်တော်ရက်စက်ပါသည်။ ကျန်းလော့ကို သူနှင့်အတူပူးပေါင်းစေချင်ရုံလေးနှင့် ကျန်းလော့ကို တမင်တကာ ရှုပ်ထွေးပြီး လူသိများအောင် လုပ်လိုက်သည်။

'သခင့်ကို သတ်ခဲ့တာ ချီမိသားစုတစ်ခုထဲက မဟုတ်ဘူးဆိုတာ ဘယ်သူသိမှာလဲ၊ ဒီလို ကျန်းလော့က ချီယုံအတွက် လက်စားချေမည် ဆိုတာနှင့်ပင် သခင့်ကိုသတ်ခဲ့သူများသည် မတ်မတ်ထိုင်ပြီး သတိကြီးကြီးထားတော့မည်'

ကျန်းလော့သည် အင်အားတအားမကောင်းသေးသောကြောင့် ထိုသူများသည် တစ်ချက်ထဲနှင့် ရှင်းလိုက်နိုင်သည်။ လျောင်ဇီသည် စုတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်ကာ တစ်စုံတစ်ခုကိုတွေးမိပြီး လက်ခုပ်တီးလိုက်ကာ

"သခင် သခင်က ကောင်မလေးကို လာကယ်တဲ့ အကွက်သုံးမလို့လား"

"သူရဲကောင်းက မင်းသမီးလေးကိုကယ်"

အရိပ်ကျနေသော နေရာတွင် ပြောင်လက်နေသော သားရေဖိနပ်နှင့် ချီယုံသည်

"မဟုတ်သေးဘူး၊ လျောင်ဇီ မင်းကသု့ကိုလျော့တွက်လွန်းနေပြီ"

"သူက ဘယ်သူမှ လာကယ်ဖို့ မျှော်လင့်နေမှာ မဟုတ်ဘူး၊ ဒါပေမဲ့...လည်း"

ကျန်းလော့သည် ချီယုံသေချာ စိတ်ဝင်စားပြီး စောင့်ရှောက်နေသော တစ်ယောက်ထဲသောသူ ဖြစ်သည်။ သူသည် ချီယုံကို မကြောက်မရွံ့ရန်လာလာစတတ်သော ချီယုံကို အကြိမ်ကြိမ် ဒုက္ခရောက်အောင် လုပ်နိုင်သော တစ်ယောက်သောသူဖြစ်သည်။ ကျန်းလော့နှင့် တွေ့တိုင်း ချီယုံသည် ခံစားချက်အသစ်တစ်ချို့ကို ခံစားရကာ ချီယုံ့ကို ပိုပိုပြီး စိတ်လှုပ်ရှားလာစေသည်။ ကျန်းလော့သည် သူ့ကို လာကယ်မည့် တစ်စုံတစ်ယောက်ကို စောင့်နေမည့်သူမျိုး လုံးဝမှ မဟုတ်သော်လည်း စောနက လျောင်ဇီပြောသော စကားများသည် ချီယုံကို တစ်စုံတစ်ခုကို လုပ်ကြည့်ချင်လာစေသည်။

ကျန်းလော့ကို အဆုံးထိရောက်အာင်လုပ်၊ သူ့ကို သေခြင်းရှင်ခြင်းဖြစ်ရပ်တွေမှာ သေလုမျောပါးဖြစ်အောင်လုပ်၊ ပြီးရင် ဆိုးယုတ်တဲ့ကိစ္စတွေနဲ့အတူ ချီယုံငရဲကျခဲ့သလိုခံစားရခဲ့တဲ့အတိုင်း တစ်ထပ်ထဲခံစားခိုင်းလိုက်မယ် ပြီးရင် ချီယုံပေါ်လာပြီး ကျန်းလော့ကို အသာအယာလေးကယ်သွားလိုက်မည်။ ထိုသို့တွေးမိပြီး ချီယုံသည် ပြုံးလိုက်ကာ ဆံပင်အနက်နှင့် လူငယ်လေး၏ ထိတ်လန့်ကြောက်ရွံ့နေမည့် မျက်နှာလေးနှင့် အကယ်ခံလိုက်ရသော မျက်နှာထားလေးကို ချက်ချင်းပင် မြင်ချင်လာသည်။

သေချာပေါက် ဒေါသထွက်နေပြီး ကူကယ်ရာမဲ့နေသော အကူအညီမလိုချင်သော်လည်း ယူမှရတော့မည့် ကျင်းထဲကျပ်ထဲရောက်နေသော မျက်နှာထားဖြစ်နေပေမည်။ ချီယုံသည် ထိုမျက်နှာထားကို တစိမ့်စိမ့်ထိုင်ကြည့်ပစ်လိုက်ဦးမည်ဟု တွေးနေတော့သည်။

မကောင်းဆိုးဝါးသည် တိုးတိုးလေးပြောလိုက်သည်။

"ကြားရတာ တော်တော်လေးကောင်းတဲ့ အကြံပဲ"

ချီယုံသည် ထိုမြင်ကွင်းကို စိတ်ကူးယဉ်နေပြီးနောက် သူသည် မျက်မှောင်ကုတ်၍

"လျောင်ဇီ ချီ(ချီရယ်၏ချီ)အိမ်ကို နောက်တစ်ခေါက် ထပ်သွားချေ"

ကျန်းလော့သည် ဈာပနကျင်းပရာနေရာသို့ ပြန်လာနေသည့်အချိန်တွင် မျက်လုံးသည် ဟိုကြည့်သည်ကြည့် ဖြစ်နေသည်။ သူသည် အံကြိတ်ထားကာ ချီယုံသည် ပေါ်ပေါ်ထင်ထင် ဤနေရာသို့ ရောက်လာသည်ကို ဖုန်းလီသိသွားမှာ အနည်းငယ်စိုးရိမ်နေသည်။ လအနည်းငယ်သာ နေထိုင်ဖူးသေးသော်လည်း ကျန်းလော့သည် ဖုန်းလီမည်မျှသန်မာသည်ကို သိထားသည်။

သူသည် မူရင်းစာအုပ်ထဲတွင် ဖုန်းလီကို ချီယုံမှ ထိန်းချူပ်ထားသည်ဟု ထင်ခဲ့သည်။ သို့သော် ထိုအရာသည် ခန့်မှန်းခြေသာ ဖြစ်ပြီး မမှန်တာလဲဖြစ်နိုင်သည်။ ဖုန်းလီသည် ရုပ်လွန်လောကကြီး၏ ခေါင်မိုးကြီးကဲ့သို့သူပင်ဖြစ်သည်။ သူနှင့်ယှဉ်ပြိုင်သူတိုင်း လူနည်းစုသာ အသက်ရှင်ခဲ့သည်။ ဖုန်းလီသည် ထျန်းရှိဖူကို ကိုယ်စားပြုနိုင်သည်ကို ထည့်မပြောနဲ့ဦး သူ့နောက်တွင် ကောင်းကင်သခင်အဆင့်လူအိုကြီး တစ်ယောက်ရှိနေသေးသည်။ ချီယုံသည် ဖုန်းလီကို ထိန်းချုပ်မည်ဆိုလျှင် အတော်ခက်ခဲမည် ဖြစ်သည်။ ချီယုံနှင့် တစ်ခါစကားပြောပြီးတိုင်း ကျန်းလော့သည် မူရင်းဝတ္ထုထဲတွင် သူဘယ်လိုများး အဓိကလူဖြစ်လာမှန်း မယုံနိုင်လေဖြစ်သည်။

'အချစ်အတွက် အောက်မှာနေပေးလိုက်တာ များလား'

ကျန်းလော့သည် မျက်မှောင်ကြုတ်ပြီးခေါင်းခါလိုက်သည်။

'ဘာမှမတွေးနဲ့'

'မကောင်းတာတွေတွေးရင် ကြောက်စရာတွေဖြစ်လာမယ် မတွေးနဲ့'

ကျန်းလော့သည် ဈာပနမှ ကျောင်းသို့တန်းပြန်လာလိုက်သည်။ နည်းနည်းကြာသောအခါ ကျိုးကျုံးချိုးသည် အရက်နံ့အနည်းငယ်နှင့် သတင်းဆိုးကို ယူပြီးပြန်ရောက်လာသည်။

"ချီရယ်ကို ချီမိသားစုက ထိန်းသိမ်းထားလိုက်ပြီ"

ကျန်းလော့ "ဘာကိုဆိုလိုတာလဲ ထိန်းသိမ်းတယ်တဲ့လား"

ကျိုးကျုံးချိုးသည် စိတ်တိုစွာဖြင့် သူမ၏လျှာထိုးဦီးထုပ်ကို အင်္ကျီချိတ်ဆီပစ်လိုက်သည်။

"ချီမိသားစုက သူတို့ ချီရယ်ကို ခိုင်းစရာရှိလို့ တစ်ပတ်လောက်ကျောင်းမသွားခိုင်းတော့ဘူးတဲ့၊ ငါပြောလိုက်ပါတယ် ချီရယ်က ကျောင်းကပေးတဲ့တာဝန်တစ်ခုလုပ်ရမှာလို့ အဲဒါကို သူတို့ကငါ့ကို ချီရယ်မလာနိုင်တော့တဲ့အကြောင်း ကျောင်းကိုပြောပေးပါတဲ့"

လုယုံရိသည် စိတ်ဆိုးစွာဖြင့်

"သူတို့က ဘယ်လိုတောင် လွယ်လွယ်လေးလုပ်နိုင်တာလဲ၊ ကျောင်းကပေးတဲ့တာဝန်က ကိုယ်လုပ်ချင်တဲ့အချိန်ထလုပ်လို့ရတာမှ မဟုတ်တာ"

"အဲ့တာနဲ့ငါလည်း သူတို့ကိုကိုယ့်ဟာကိုသွားပြောဆိုပြီး ပြန်လာခဲ့လိုက်တယ်"

ကျိုးကျုံးချိုးသည် စိတ်တိုစွာဖြင့်

"နောက်တစ်ယောက်ထပ်ရွေးဖို့က ဘယ်လိုလုပ်ရပါ့မလဲ"

"ဘယ်သူ့ကို လွတ်မှာလဲ"

ရယ်ရွှင်သည် သူတို့ကိုကြည့်လိုက်ပြီး တိတ်ဆိတ်စွာ လက်မြှောက်လိုက်ကာ

"ငါသွားမယ်"

လုယုံရိသည် ရယ်ရွှင်ကို ပြေးဖက်လိုက်ပြီး

"ရယ်ရွှင် မင်းကတော့ တကယ့်အကောင်းဆုံးညီအကိုပဲ"

"ငါကြားတာတော့ မင်းဒီအစီစဉ်အကြောင်း အရမ်းစိတ်ဝင်စားနေခဲ့တာဆို"

ရယ်ရွှင်သည် တိုးတိုးလေးပြောလိုက်သည်

"ငါသိချင်လို့"

ကျန်းလော့သည် မည်သူနှင့် သွားရသွားရ ကိစ္စမရှိသော်လည်း ရယ်ရွှင်သည် ချီရယ်ထက်ပိုကောင်းသည်ဟု ထင်သည်။ ဤကမ္ဘာကိုရောက်ရောက်ချင်း ရယ်ရွှင်နှင့်အတူ ကိစ္စအချို့ ဖြေရှင်းဖူးသောကြောင့်ပင်။

"ရယ်ရွှင်ရဲ့ အရုပ်ကိုယူသွားလို့ရမှာလား"

ကျိုးကျုံးချိုးသည်

"ငါအခုပဲ အစီအစဉ်က တာဝန်ရှိသူကို ဖုန်းခေါ်လိုက်မယ်"

ငါးမိနစ်ကြာပြီးနောက် ကျိုးကျုံးချိုးသည် ဖုန်းပြောပြီးပြန်လာသည်။ သူမသည် ကြည်လင်နေသော မျက်နှာနှင့်

"ဒါရိုက်တာကြီးက ရတယ်တဲ့ ကင်မရာမန်းတွေကို နင်တို့ကိုအတတ်နိုင်ဆုံးထည့်မရိုက်ဖို့ သူပြောထားပြီးသားတဲ့"

ရယ်ရွှင်သည် စိတ်ပေါ့ပါးသွားသလို သက်ပြင်းချလိုက်ပြီးနောက် ရှောင်ဖန်းကို ကြည့်လိုက်ကာ

"ရှောင်ဖန်းရေ ငါတို့ အစီအစဉ်ကို အတူတူသွားလို့ရပြီဟေး"

"မင်းကတော့လေ အရမ်းကို သွားချင်နေတော့တာပဲလား"

ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး ရယ်ကျဲကျဲဖြင့်

"ရယ်ရွှင် မင်းဘယ်တုန်းထဲက သွားချင်နေတာလဲ"

ရယ်ရွှင်သည် လက်နှစ်ချောင်းကိုပူးလိုက်ပြီး တစ်စင်တီလောက်ခွာလိုက်ကာ

"နည်းနည်းကြာ"

ကျန်းလော့ကို သူ့ပုံစံလေးကို အူးယားလွန်းလို့ ဆွဲညစ်ပစ်ချင်နေသည်။

နောက်နေ့မနက်စောစောတွင် သူတို့သုံးယောက်သည် လာခေါ်သော ကျောင်းကားဖြင့်ပင် 'Next Stop! IDOL' အစီအစဉ်ရိုက်ကူးရေးသို့ ထွက်လာကြသည်။ လုယုံရိနှင့် ရယ်ရွှင်သည် ဤကဲ့သို့တာဝန်ကို အခုမှစလုပ်ဖူးသောကြောင့် အနည်းငယ် မသက်မသာပုံပေါက်နေသည်။ ထို့ကြောင့် ကျန်းလော့သည် ကားပေါ်မှဆင်းသည်နှင့် ခေါင်းဆောင်နေရာတန်းရသွားကာ သင်တန်းသားများနေသော အဆောင်ထဲသို့ ဦးဆောင်ဝင်သွားလိုက်သည်။

ရယ်ရွှင်သည် ထိုနှစ်ယောက်နောက်လိုက်ကာ သူ့အိတ်ကို ကျစ်ကျစ်ပါအောင်ကိုင်ထားသည်။ ဒါရိုက်တာသည် သူတို့ကို လာကြိုရန်မဖြစ်နိုင်သောကြောင့် လက်ထောက်ကို လွှတ်ပြီးကြိုခိုင်းလိုက်သည်။ ထိုလက်ထောက်သည် သူတို့ကို မြင်သည်နှင့် ပြေးလာကာ အနားရောက်သောအခါ သူသည် တောင့်တောင့်ကြီး ရယ်ရွှင်တို့ကို ငေးကြည့်နေသည်။ ထို့နောက်သူသည် ဤသုံးယောက်သည် လူရွေးပွဲဖြေထားသော သင်တန်းသားများမဟုတ်ဘဲ ဆရာသခင်များဖြစ်သည်ကို သတိရသွားသည်။ သူသည် အလွန်စိတ်ညစ်သွားသော်လည်း ကျန်းလော့၏အိတ်ကို အမြန်ဆွဲပေး၍

"ဆရာတို့ ကျွန်တော်လိုက်ပို့ပေးပါ့မယ်"

"မလိုပါဘူး"

ကျန်းလော့သည် အိတ်ကိုပြန်ဆွဲ၍ လက်ထောက်ကို ပြုံးပြလိုက်ကာ

"ကျွန်တော်တို့ကို သာမန်သင်တန်းသားတွေလိုပဲ ဆက်ဆံပေးပါ"

သူပြုံးလိုက်သောအခါ လက်ထောက်သည် သတိလက်လွတ်ငေးမိသွားပြန်သည်။ လုယုံရိသည် ရှက်ရွံစွာဖြင့်

"ဟုတ်တယ် ကျွန်တော်တို့ ဘယ်သူလဲ ထုတ်ပြလို့မဖြစ်ဘူး"

ဤသုံးယောက်သည် တစ်ယောက်မှာ တောက်ပပြီး ချောမောလှပသည်၊ တစ်ယောက်ကတော့ ပိန်ပိန်ပါးပါးနှင့် အလှလေးဖြစ်ပြီး နောက်တစ်ယောက်သည် ချောမောခန့်ညားတောင့်တင်းသည်။ သုံးယောက်သည် ချောပုံချောနည်း မတူသော်လည်း တစ်ယောက်ချင်းစီသည် လွန်စွာချောမောကြသည်။ သူတို့သာ တကယ်ကြီး ဤ'Talent Show'မှာ ပါဝင်ခဲ့လျှင် သေချာပေါက်ကျော်ကြားသွားကြပေမည်။

လက်ထောက်သည် သက်ပြင်းချလိုက်ပြီး ဒီသုံးယောက်ကို ကင်မရာပေါ်မှဖြတ်ချရမည်ကို စိတ်မကောင်းဖြစ်နေသည်။ သူသည် သူတို့ကို ခိုးကြည့်လိုက်ပြီး

"ဆရာ ဟမ်း မင်းတို့ သုံးယောက် နာမည်ပြောင်ရွေးပြီးကြပြီလား"

"ပြီးပါပြီ"

ကျန်းလော့သည် ရိုးရှင်းစွာ ပြောလိုက်ပြီး

"ကျွန်တော်တို့ခနနေရင် ပို့လိုက်ပါ့မယ်"

ကျန်းလော့တို့သုံးယောက်သည် နေရာအနံ့ကို ကတိုက်ကရိုက်ကြည့်လိုက်ပြီး ရယ်ရွှင်က

"ဝန်ထမ်းတစ်ယောက်သေသွားတယ်ဆိုတဲ့ စတူဒီယိုက ဘယ်မှာလဲ"

လက်ထောက်သည် စတူဒီယိုသော့ကို ပေးလိုက်ပြီး

"စတူဒီယိုက အခုသုံးနေပါသေးတယ်၊ ဘယ်သူမှမရှိတဲ့အချိန်မှပဲ သွားကြည့်သင့်ပါတယ်"

နေ့လည်စာစားချိန်ဖြစ်သောကြောင့် သင်တန်းသားများသည် စကားထိုင်ပြောနေကြသည်။ လက်ထောက်သည် ဆရာသုံးယောက်ကို အပေါ်ထပ်သို့ ဦးဆောင်သွားသည်။ အသက်အရမ်းမကြီးသေးသော ဆွေ့ယွင်ဟူ၍ နာမည်ထိုးထားသောအင်္ကျီဝတ်ထားသော သင်တန်းသားသည် အများဆုံး ၁၇နှစ်ဟုသာထင်ရသည်။ ဆွေ့ယွင်သည် တစ်စုံတစ်ယောက်လှေကားပေါ်မှတက်လာသည်ကို မြင်လိုက်သောကြောင့် လှေကားလက်ရမ်းကို ကိုင်၍ ကြည့်လိုက်သည်။ သူသည် ထိုလူများကို မြင်လျှင် မျက်လုံးများကျယ်လာပြီး အံ့ဩစွာဖြင့်

"မင်းတို့က..........."

"ဒီသင်တန်းသား သုံးယောက်က အသစ်ထပ်ဖြည့်ဖို့ခေါ်လာတာ"

လက်ထောက်သည် မျက်တောင်တစ်ချက်မခက်ပဲ လိမ်ပြောလိုက်သည်။

"မင်းတို့နောက်ကျရင် သူတို့နဲ့ ရင်းနှီးသွားလိမ့်မယ်၊ အခုအောက်ဆင်းကြတော့မလို့မို့လား၊ အရင်သွားလိုက်ကြတော့"

ဆွေ့ယင်သည် ခေါင်းညိတ်လိုက်ပြီး သူတို့ဘေးမှ ဖြတ်သွားလိုက်သည်။ သူသည် ဖြတ်သွားစဉ်တွင် ထိုသုံးယောက်ကို မကြည့်ဘဲမနေနိုင်ခဲ့ပေ။

'ဒီသုံးယောက်က အရမ်းချောတာပဲ ပြီးတော့ အရပ်တွေကလည်း အရှည်ကြီးတွေ'

ထိုသို့ကြည့်ပြီးနောက် သူသည် ဆံပင်ရှည်နှင့် လူငယ်ကို ထပ်ပြီး လှည့်ကြည့်လိုက်ကာ

'ဆံပင်ရှည်နဲ့တစ်ယောက်က တကယ်ကို သူရဲကောင်းဆန်ဆန်ချောလိုက်တာ ကာတွန်းကားထဲက ထွက်လာသလို ပြီးပြည့်စုံနေလိုက်တာများ....'

'အိုးမိုင်ဂေါ့ ငါဘယ်လိုတောင် တွေးလိုက်တာလဲ...................'

ထိုမျက်နှာသည် အလှပန်းအိုးဖြစ်နေလျှင်တောင် သည်းသည်းလှုပ်နေမည့် ပိရိသတ်များကို ဆွဲဆောင်နိုင်လောက်သည်။

သင်တန်းသားသစ်သုံးယောက်အကြောင်းသည် အဆောင်ထဲတွင် ချက်ချင်းပျံ့နှံ့သွားတော့သည်။ သိချင်နေကြသော သင်တန်းသားများသည် တစ်ယောက်ပြီးတစ်ယောက်သွားချောင်းကြည့်နေကြသည်။

"ဘုရားရေ သူတို့က တကယ်ကြီး ချောလိုက်တာ"

"တကယ့်ကိုပဲ ချောလိုက်ကြတာ သေချာပေါက် သူတို့နဲ့ဆို ပွဲဦးထွက်ဖို့ နေရာနည်းနည်းပဲ ကျန်တော့မယ်"

"ငါသူတို့ကို အနီးကပ်မြင်လိုက်တာ တကယ်ကို သန့်စင်ပြီး လုံးဝချောမောနေတာကွာ"

လုယုံရိသည် အတော်လေး မသက်မသာဖြစ်နေကာ

"ဒါက တော်တော်လေး ဟမ်း သူတို့က တအားတက်ကြွတာပဲနော်။"

လက်ထောက်သည် ပြုံးလိုက်ပြီး

"ဒီကလေးတွေက ငယ်သေးတော့ စည်းကမ်းသိပ်မရှိဘူးဆိုပေမဲ့ သူတို့က လိမ္မာပါတယ် စိတ်မပူပါနဲ့ သူတို့ ဆရာတို့ကို မနှောက်ယှက်စေရပါဘူး"

"မင်းတို့ရဲ့ အခန်းက အဲ့ဒီဆုံးသွားတဲ့ သင်တန်းသားသုံးယောက်ရဲ့ အခန်းတွေပါ၊ တခြားသင်တန်းသားတွေက အဖြစ်မှန်ကို မသိကြသေးတော့ ကျွန်တော်တို့ ဒီကိစ္စကို လုံးဝပေါက်ကြားလို့ မဖြစ်ပါဘူး"

"မင်းတို့က အတူတူတော့ နေရမှာမဟုတ်ဘူး ဆရာတို့ အဆင်ပြေမလားဗျ မပြေဘူးဆိုလည်း ကျွန်တော် အခန်းသစ်စီစဉ်ပေးပါ့မယ်"

"ရပါတယ်"

ကျန်းလော့က ပြောလိုက်သည်။

"ကျွန်တော်တို့က ဒီမှာ ခနပဲနေမှာ"

လက်ထောက်သည် နောင်တရသည့်ပုံဖြင့်

"ဟုတ်ပါပြီ အဲ့တာဆို ကျွန်တော် မင်းတို့နေရမဲ့အခန်း လိုက်ပြပါ့မယ်"

သူတို့သည် အဆောင်ခန်းမတူကြသလို အထပ်လည်းမတူပေ။ ရယ်ရွှင်နှင့် လုယုံရိသည် သူတို့အဆောင်ခန်းများသို့ သွားလိုက်ပြီး လက်ထောက်သည် ကျန်းလော့ကို နောက်တစ်ခန်းဆီသို့ ခေါ်သွားသည်။

"ဆရာ"

လက်ထောက်သည် ရှက်ရွံ့အားနာစွာဖြင့်

"ကျွန်တော်တို့ အစီအစဉ်က ပထမရတဲ့ ဖုဝေနဲ့ တစ်ခန်းထဲနေရမှာ၊ သူက နည်းနည်းလေး ဒေါသကြီးတော့ ဆရာနေရတာအဆင်မပြေတော့ရင် ကျွန်တော်တို့ကိုပြောပါ၊ နောက်တစ်ခန်းပြင်ပေးပါ့မယ်"

ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး သူလုပ်ရမည့်တာဝန်ကြောင့် သူသည် မနေ့ညက ဤအစီအစဉ်အကြောင်း သေချာရှာဖတ်ထားသည်။ ထို့ကြောင့် သူသည် ဖုဝေကိုသိသည်။ ဒုတိယနေရာမှ သင်တန်းသားနှင့် မဲအကြီးအကျယ်ကွာပြီး ပထမနေရာရခဲ့သူဖြစ်သည်။

သူသည် အထီးကျန်သည်၊ သူသည် မူးယစ်ဆေးကဲ့သို့ပင် သူသည် ဘယ်သူ့ကိုမှ ဂရုမစိုက် သူသည် ဆေးလိပ်အရက်အကုန်သောက်သည် သူသည် ဆိုးဝါးနေသော်လည်း လူများသည် သူ့ကို ပိုတောင်ကြိုက်နေကြသေးသည်။ ဖုဝေကို ချစ်သောသူ မုန်းသောသူများသည် 'Next Stop! IDOL'တွင် အရွေးခံရရန် ငါးဆယ်ရာခိုင်နှုန်းနီးနီး အရေးပါကြသည်။

လက်ထောက်သည် ကျန်းလော့ကို အဆောင်တံခါးဖွင့်ပေးလိုက်သည်။ ကျန်းလော့သည် အဆောင်ထဲဝင်လိုက်သည်နှင့် အပေါ်ကုတင်ထင် ထိုင်ပြီး ဆေးလိပ်သောက်နေသော ဖုဝေကို တွေ့လိုက်ရသည်။ ဖုဝေသည် လှိုင်းတွန့်အနည်းငယ်ရှိနေသော နဖူးပေါ်သို့ တစ်စနှစ်စဝဲကျနေသော အနက်ရောင်ဆံပင်နှင့် ကျန်းလော့ကို ဂရုမစိုက်သလိုကြည့်လိုက်ပြီးး ကျန်းလော့ရှိရာသို့ ဆေးလိပ်ငွေ့များမှုတ်ထုတ်လိုက်သည်။

အရပ်ရှည်ရှည်နှင့်ကောင်လေးသည် အိပ်ရာကို မှီထားပြီး ခြေတံရှည်များသည် ကုတင်အောက်သို့ တွဲလောင်းချထားသည်။

"အသစ်လေးလား"

ဖုဝေသည် ကျန်းလော့ကိုကြည့်လိုက်ပြီး အက်ကွဲနေသော အသံဖြင့်

"ကြည့်ကောင်းသားပဲ"

အသံအက်အက်သည် တစ်စုံတစ်ယောက်၏ နားနားကပ်ပြောနေသလို ထူးဆန်းလှသည်။

######################

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now