Chapter 45- ၀ုတ်၀ုတ် 4

3.6K 739 13
                                    

Unicode

" အော်.. လူလေးမိဘတွေက စစ်ပွဲတုန်းက စစ်သတင်းထောက် လုပ်ခဲ့ကြတာလား.. တကယ်ပင်ပန်းခဲ့မှာပဲ..အဲ့ဒီနှစ်တွေက တိုင်းပြည်အခြေအနေအတော်လေးဆိုးဝါးခဲ့တာ.. စစ်သတင်းထောက်တွေသာမရှိရင် ဘာသတင်းမှ သိခဲ့ရမှာမဟုတ်ဘူး.. တကယ်သူရဲကောင်းတွေပါပဲ"
အကြီးအကဲကျားက သူ့မိဘတွေအလုပ်အကိုင်ကိုသိတော့ တအံ့တသြပြောသည်။ ထို့နောက် စိုးရိမ်တကြီးထပ်မေး၏။
" အခုရော သူတို့ ဘယ်မှာအလုပ်လုပ်နေကြတာလဲ.. ရှေ့တန်းကပြန်လာတဲ့စစ်သတင်းထောက်တွေကို လစာထောက်ပံ့ပေးတယ်ကြားတယ်"

ထိုစကားကြောင့် ဟောပိုင်အပြုံးမှာ ခပ်တောင့်တောင့်လေးဖြစ်သွားပြီး ပြန်ဖြေ၏။
" ကံမကောင်းတာက ကျွန်တော့်မိဘတွေ အကြမ်းဖက်လူသတ်မှုကြောင့် ဆုံးပါးသွားကြပါပြီဖိုးဖိုး.. အတော်လေးတောင် ကြာနေပြီ"

စစ်ပွဲသို့ အသက်ရှင်လျက် ဝင်သွားကြပေမဲ့ ပြန်လာသော အရိုးပြာအနေနှင့်သာ။ သူ့မိဘတွေ၏ ဖုန်းတစ်လုံးမှလွဲ၍ အမှတ်တရပစ္စည်းဟူ၍လဲ ဘာမှမကျန်ခဲ့။

အကြီးအကဲကျားက ခေတ္တ​ကြောင်နေပြီးမှ သက်ပြင်းရှည်ကြီးချရင်း ဟောပိုင်ပခုံးကို ခပ်ဖွဖွပုတ်ပေးသည်။
" အဲ့ဒါဆို လူလေးက ကိုယ့်ကိုယ်ကို ပိုဂရုစိုက်သင့်တာပေါ့"

ပခုံးပေါ်လာတင်သောလက်က သာသာဖွဖွလေးဖြစ်ပေမဲ့ သူ့အပေါ် စိတ်ရင်းနှင့် စိုးရိမ်တကြီးရှိနေခြင်းကို ဟောပိုင်ခံစားမိနေသည်။ ထို့ကြောင့် ပြုံးပြုံးလေး ပြန်ဖြေသည်။
" ဟုတ်ကဲ့ပါ ဖိုးဖိုး"

သူတို့နှစ်ယောက် စကားလက်ဆုံကျနေကြရင်း အချိန်ကုန်မြန်နေသလို ခံစားလိုက်ရသည်။ ၆ နာရီ မိနစ် ၅၀ တွင် သူဌေးကျားကျန်နှင့် ဝါရင့်အစီအစဥ်တင်ဆက်သူတို့ စင်ပေါ်တက်လာတော့ ပွဲခန်းမတစ်ခုလုံးမှ လူများ၏ အာရုံက သူတို့ပေါ် ရောက်လာသည်။

ထို့ကြောင့် အကြီးအကဲကျားနှင့် ဟောပိုင်တို့လဲ စကားစဖြတ်ကာ စင်ပေါ်သို့ အာရုံစိုက်ကြသည်။

အစီအစဥ်တင်ဆက်သူက ပွဲအခမ်းအနားအ​ကြောင်း ပြောဆိုရင်း မွေးနေ့ပွဲစသည်ဟု ကြေညာလိုက်သည်။ ထို့နောက် ပထမဆုံးအနေနှင့် မွေးနေ့ရှင် ကျားပေလေ့၏ ငယ်ဘဝနှင့် ကြီးပြင်းလာသည့် ပုံရိပ်တို့ကို ဗီဒီယိုနှင့် ပြသည်။ အစီအစဥ်တင်ဆက်သူ၏ တောင်းဆိုမှုကြောင့် ကျားကျန်က ပုံတစ်ပုံချင်းစီအကြောင်းကို ရှင်းပြပြောဆိုနေသည်။ ဧည့်သည်များကလဲ ချစ်စရာကောင်းသော ကလေးမလေးအဖြစ်မှ လှပသော မိန်းမပျိုအဖြစ် ကြီးပြင်းလာပုံကို မျက်စိရှေ့တွင် တွေ့နေရသလိုပင်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now