Chapter 12 ကိုယ် စိတ်ဓာတ်တွေ ကျနေလို့

6.8K 1.2K 21
                                    

Unicode

တိချိုးဟယ် သူ့ရဲ့ မျက်နှာအနေအထားကို တိဘီရန် မမြင်ရသည်ကို သိသည့်အတွက် မျက်လုံးအမူအရာ မာကျောနေပြီး အသံကိုတော့ ချိုချိုသာသာဖြင့် တိချွန်းဟွာကို စကားစသည်။
"ချွန်းဟွာရယ်... စိတ်လျှော့ပါ... ဒေါသကြီးတာက ကျန်းမာရေးကို ထိခိုက်စေတယ်တဲ့..."

" ပါးစပ်ပိတ်စမ်း!!"
တိချွန်းဟွာက ထအော်၏။

" ပါးစပ်ပိတ်ရမှာက နင်လေ"
တိဘီရန်မှာ တစ်ခါမှ မတွေ့ဖူးသော သူ့သမီး၏ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပုံကြောင့် ဒေါသထွက်လာကာ အော်လိုက်၏။ အရင်က လိမ္မာပြခဲ့တာ သူ့ရှေ့မှာ မို့လို့တဲ့လား... ရုတ်တရက် တိဘီရန် ခေါင်းမူးလာကာ အော်လိုက်သည်။
" နင့်အစ်ကိုကို ပြန်တောင်းပန်စမ်း... အခု ချက်ချင်း.."

တိချိုးဟယ်က တိချွန်းဟွာကျောကို အချိန်ကိုက် လက်ဖြင့် ပုတ်ကာ နှစ်သိမ့်ပေး၍ တောင်းပန်လိုက်သည်။
" ချွန်းဟွာ... ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့... ဒေါသလဲ မထွက်နဲ့..... မင်းက ကျန်းမာရေးမှ မကောင်းတာကို... အရမ်း စိတ်မလှုပ်ရှားနဲ့..."

" ဖယ်စမ်း... လူလိမ်..."
တိချွန်းဟွာက  တိချိုးဟယ်၏ လက်ကို အားဖြင့် ပုတ်ထုတ်လိုက်သည်။

တိချိုးဟယ် မရယ်မိအောင် ထိန်းထားရသဖြင့် ခေါင်းကို အတင်းငုံ့ထား၏။ ထို့နောက် မတ်တပ်ရပ်ကာ တိဘီရန်နှင့် မျက်နှာချင်းဆိုင်လို​က်သည်။ လက်ဖက်ရည်ပေနေသည့် အင်္ကျီကို ဆွဲကာ ခါရင်း လုပ်ယူပြုံးနေရသည့် ပုံနှင့် ပြောလိုက်သည်။
" အဖေ... ကျွန်တော့်အခန်း အခုထိ ရှိသေးလား.. အင်္ကျီလေး လဲချင်လို့.. ချွန်းဟွာကို မဆူပါနဲ့... သူက ဒီအတိုင်း နောက်နေတာပါ... ပြီးတော့ အပြင်ကလူတွေ ပြောတာက ဒီ့ထက်တောင် ဆိုးသေးတယ်.. သူက ငယ်လဲ ငယ်သေးတယ်လေ... အဲ့ဒါကြောင့် အပြင်က ကောလဟာလတွေကို ယုံတာ ဖြစ်မှာပါ".

... မျိုးမစစ်လို့ ခေါ်ပြီး နောက်စရာလား... ပြီးတော့ အပြင်မှာ ပြောတာတွေက ဒီ့ထက် ပိုဆိုးတယ်ဆိုတာ ဘာကို ပြောတာလဲ....
တိဘီရန်က တွေးနေ၏။

ထို့နောက် ဒေါသရောင် လွှမ်းမိုးနေသော သူ့သမီးအား တစ်ခါမှ မမြင်ဖူးသူလို ကြည့်နေသည်။ သူ့ရှေ့မှ သားကြီးက အတင်းလုပ်ယူနေရသည့်အပြုံးနှင့် အိမ်ပြန်မလာတာပင် အတော်ကြာနေပြီ။ သူသိထားသော အရာများမှာ အမှန်များပင် ဟုတ်ပါရဲ့လားဟု တိဘီရန် တွေးနေမိသည်။

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now