Chapter 5- အသားစားရန်

7.8K 1.3K 20
                                    

Unicode

ရွှီရင်ရုန်က စားပွဲပေါ်သို့ ဓာတ်ပုံများ ပစ်တင်ကာ မျက်မှန်ကြီးကို ချွတ်၍ ဟောပိုင်ကိုကြည့်ရင်း ကြည့်ရင်း မေးလိုက်သည်။
" ဘယ်ပုံက အကောင်းဆုံးလို့ ထင်လဲ"

ဟောပိုင်က စိတ်လှုပ်ရှားစွာနှင့် မျက်နှာကို ပွတ်ကာ မနေ့က သောက်ထား၍ ခေါင်းမူးနေခြင်းကို အတင်း ဖြေဖျောက်သည်။ ဓာတ်ပုံများကို တစ်ပုံချင်းဆီ ပြန်ယူကြည့်၍ တုံ့ဆိုင်းနေပြီးနောက် လိုင်းကားဆရာ၏ ပုံကို ထောက်ကာ ပြန်ဖြေသည်။
"ဒီပုံပါ"

" ဘာလို့ ဒီပုံလဲ"

" ဒီအတိုင်း ခံစားမိလို့ပါ..."

" ဘယ်လိုခံစားချက်နဲ့လဲ"

ဟောပိုင် အလင်းအမှောင် ဆိုးရွားနေပြီး အနေအထား မကျသော ပုံကို ယူကာ နောက်ကြည့်မှန်တွင် ပေါ်နေသော လိုင်းကားဆရာကြီး၏ မျက်လုံးထောင့်မှ အရေးအကြောင်းများကို ကြည့်သည်။ ထို့နောက် ထိုနေ့က အဖြစ်အပျက်ကို ပြန်လည်တွေးတောမိသည်။
" ကျွန်တော် ခံစားရတာက... သူ့မျက်လုံးထဲက အကြည့်က အရမ်း ပြည့်စုံတယ်... ဒီပုံကို ရိုက်ပြီးတော့ ကျွန်တော့် အတွေးထဲ ပထမဆုံး ဝင်လာတာက..သူ့မျက်လုံးကြောင့် ပုံက အသက်ဝင်လာတယ် ဆိုတာကိုပဲ.. ဒီပုံကို ရိုက်ပြီးပြီးချင်း ကျွန်တော် အရမ်းကျေနပ်သွားတယ်"

ရွှီရင်ရုန် ၏ မျက်ဝန်းအကြည့် တချို့ လှုပ်ရှားသွားကာ ပြန်မေးသည်။
" ဘာလို့ ကျေနပ်သွားတာလဲ"

" ဘာလို့လဲ ဆိုတော့ တွေးကြည့်လိုက်တိုင်း ကြည်နူးစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်လိုက်နိုင်လို့လေ..."
အရက်ကြောင့် ခေါင်းကိုက်နေခြင်းများလဲ တဖြည်းဖြည်း လျော့ပါးလာပြီး ဟောပိုင်၏ ဘယ်ဘက် ပါးချိုင့်လေး ပေါ်လာသည်။
" ကျွန်တော် ဒီပုံကို ပြန်တွေ့တိုင်း အဲ့ဒီအချိန်က ကားဆရာကြီးက ခွေးလေးကို မတိုက်မိအောင် ရှောင်နိုင်လိုက်သလို ကားစီးတဲ့ ခရီးသည်တွေရဲ့ အသက်ကိုလဲ မထိခိုက်စေရပဲနဲ့ မောင်းနိုင်လို့ တောင်းပန်ပြီး စိတ်သက်သာရာရသွားတဲ့ ပုံရိပ်ကို ပြန်ပြီး သတိရနေမှာ.. အဲ့ဒီအချိန်က သူ့ မျက်ဝန်းက အရမ်း ကြင်နာတတ်တယ်... အားနာတတ်တယ်... တကယ်လို့ ကျွန်တော့်ကို ဓာတ်ပုံ ဆယ်ပုံပဲ ထည့်လို့ ရတဲ့ အယ်ဘမ် တစ်အုပ်ပေးရင် ဒီဓာတ်ပုံကိုလဲ ထည့်ပြီးတော့ အသက်ကြီးတဲ့အခါ ပြန်ကြည့်မှာပါ..."

OUR❤️ ( One Useless Rebirth) 1Where stories live. Discover now