အပိုင်း(၁)

28.2K 2K 289
                                    

နံနက်ခင်းကျေးငှက်တို့၏တကျီကျီမြည်သံ၊ကြက်ဖတွန်မြည်သံနှင့်ဆွန်းတော်ဗျို့ဟုအော်ကာ သံဃာတော်များနှင့်ဘုန်းကြီးကျောင်းသားလေးများဆွမ်းခံကြွသည့်အသံများလွန်မြောက်ပြီးနောက် ဒေါင်းလုံကျေးရွာလေးတွင်ရွာသူရွာသားတို့၏ နေ့စဥ်လှုပ်ရှားသံများဖြင့်ပြည့်နှက်နေတော့သည်။

ထိုဒေါင်းလုံရွာလေးသည်မြန်မာနိုင်ငံအထက်ပိုင်းမှာဖြစ်တာကြောင့် စိမ်းလန်းစိုပြည်သည်။တောတောင်ရေမြေသဘာဝအလှတရားများနှင့်ပြည့်နှက်နေကာ ရွာသူရွာသားများမှာလည်းဖော်ရွေကြသည်။သို့သော် အချို့သူများကတော့ဖြင့်.....

"မိနှင်းရေ"

"ရှင် မေမေ"

"ငါရွာထဲမယ်အကြွေးသွားတောင်းမလို့ ညည်းထမင်းချက်ထားချေ ကြားလားဟဲ့"

မိခင်ဖြစ်သူအပြောကြောင့်ခင်နှင်းတစ်ယောက်ဘုရားသောက်တော်ရေလဲနေရာမှ အိမ်ရှေ့သို့သွားရတော့သည်။အိမ်ရှေ့ကကွပ်ပျစ်မှာပိုက်ဆံအိတ်ချိုင်းကြားညှပ်ရင်း မျက်နှာကြောကတင်းထားသည့်မေမေ။ဒီလောက်အစောကြီးရှိသေးတာ အကြွေးကသွားတောင်းဦးမယ်တဲ့လေ။ခက်ပါဘိ...တစ်နေ့တစ်နေ့ ရွာထဲမှာလည်းမေမေအကြောင်းတွေကမကြားချင်မှအဆုံး။

"အစောကြီးရှိသေးတယ်လေမေမေရယ် အခုချိန်ဆိုအကုန်လုံးစျေးဗန်းခင်းနေတုန်းပဲရှိဦးမှာ"

"အိုတော် ဘယ်အချိန်ဖြစ်ဖြစ်တောင်းစရာရှိတာတော့တောင်းရမှာပဲအေ  သူတို့တွေကယူတုန်းကသာမျက်နှာချိုသွေးတာ ပြန်ဆပ်ရမဲ့အချိန်သာဆို ကျုပ်ကိုဘီလူးတစ်ကောင်လိုဝိုင်းကြည့်နေရော"

"ဒါပေမဲ့ မေမေရယ်..."

"ကဲ ညည်းလျှာမရှည်စမ်းပါနဲ့အေ ငါခိုင်းတာတွေသာလုပ်ထား ဦးဆုံး...ဒေါ်အုန်းကြိုင်ဆီနေ့သွင်းတိုးတောင်းရမှာ"

ပိုက်ဆံအိတ်ကိုချိုင်းကြားညှပ် လက်တစ်ဖက်ကအကြွေးစာရင်းစာအုပ်ကိုင်ရင်း ထဘီကိုမကာထွက်သွားသည့်မေမေ့ကျောပြင်ကိုကြည့်ရင်း ခင်နှင်းသက်ပြင်းချမိသည်။မစားနိုင်မသောက်နိုင်သည့်ဘဝမဟုတ်ပါဘဲ မေမေကဘာကြောင့်လောဘကြီးပြီး ဒီလိုအလုပ်တွေလုပ်နေရတာပါလိမ့်။ကြာရင်တော့ မေမေ့စရိုက်နဲ့အကျင့်တွေကြောင့်အကုန်လုံးကဖယ်ကျဥ်သွားမှဖြင့်ဒုက္ခ။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now