"အင့် လွှတ်..လွှတ်ဦး"
ပျောက်ကွယ်သွားမှာစိုးသည့်အလား တင်းတင်းကြပ်ကြပ်ဖက်ထားသူကြောင့် အသက်ပါရှူမရတော့သည်အထိ။လက်မောင်းကိုပုတ်ကာ လွှတ်ပေးရန်တောင်းဆိုတော့မှ အသာတကြည်လွှတ်ပေးလာကာ စောလွန်းမျက်လုံးတွေကိုစိုက်ကြည့်လာပြန်သည်။
စူးရှလွန်းသည့်မျက်ဝန်းနက်နက်တွေထဲ ခံစားချက်တွေရှုပ်ထွေးနေတာကြောင့် ထိုမျက်လုံး၏အဓိပ္ပာယ်အတိအကျကိုစောလွန်းမခန့်မှန်းနိုင်။ဒီလိုမျက်ဝန်း၊ဒီလိုအကြည့်မျိုးနှင့်ဓားပြကြီးဆီမှာ မကြာခဏအကြည့်ခံရလေ့ရှိတယ်ဆိုပေမဲ့ ဒီတစ်ခေါက်ကတော့မတူ ခံစားချက်တွေရှုပ်ထွေးကာ ပို၍လေးနက်နေသည့်အကြည့်မျိုး။
အသက်ရှူသံတွေကပြင်းနေကာ မျက်သားတွေလည်းနီလို့ စောလွန်းကိုတစ်ခုခုပြောချင်ဟန် နှုတ်ခမ်းပြင်နေတော့သည်။စောလွန်းကတော့ ထိုလူ၏ထူးဆန်းသည့်အပြုအမူကြောင့် နှုတ်ဆိတ်၍သာနေနေလိုက်သည်။
စက္ကန့်အနည်းငယ်ကြာမှ သြရှရှစကားသံတချို့သည်စောလွန်း၏အကြားအာရုံထဲသို့စီးဝင်လာတော့၏။
"တွေးနေခဲ့တာ သက်လယ်ကိုပြန်မတွေ့တော့ရင်ဘယ်လိုလုပ်ရပါ့လို့တွေးနေခဲ့တာ"
ကျွန်တော်လည်းတွေးနေခဲ့တယ် ဓားပြကြီးလာမကယ်ရင်ဘယ်လိုလုပ်ရပါ့လို့။
"ပြီးတော့...နောင်တရပြီးကျန်နေရစ်ခဲ့မှာကိုလည်း စိုးရိမ်ခဲ့တယ်"
ဘယ်သူမှမသိအောင် ထွက်ပြေးလာခဲ့မိတာကိုနောင်တရမိတယ်။
"သက်လယ်ကိုကျုပ်ရင်ထဲကခံစားချက်တွေထုတ်မပြောဖြစ်လိုက်ရမှာကို ကျုပ်..."
"ဓားပြကြီး"
"ကျုပ်...ကျုပ်သက်လယ်ကိုချစ်တယ် ဒါကယုတ္တိမရှိဘူးဆိုတာသိပေမဲ့ ကျုပ်..အချိန်တိုလေးအတွင်းမှာ..."
ဒါဘယ်လိုအခြေအနေများပါလိမ့်။ဓားပြကြီးကစောလွန်းကိုချစ်တယ်တဲ့လား။ဟာသပြတ်လုံးတစ်ခုကိုကြားလိုက်ရသလို စောလွန်းမုန်းသည့်ဓားပြကစောလွန်းကိုချစ်သတဲ့လေ။
စိတ်လှုပ်ရှားနေပုံရကာ ဖွင့်ဟဝန်ခံခြင်းတို့မှာ ရှေ့နောက်မညီပါသော်လည်း လေးနက်မှုတွေကတော့ မျက်သားဖြူဖြူတို့ဝန်းရံနေသည့်မျက်ဝန်းနက်နက်မှာအရိပ်ထင်သည်။
YOU ARE READING
"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]
Romanceဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သည့်ခေတ်ကအကြောင်းတွေပါဝင်မှာဖြစ်တဲ့အတွက် လူမျိုးရေးတိုက်ခိုက်လိုခြင်းမရှိကြောင်းကြိုတင်အသိပေးချင်ပါတယ...