အပိုင်း(၄)

14.6K 1.5K 203
                                    

"အာ့ ကျွတ်ကျွတ်"

ကိုက်ခဲနေသည့်ခေါင်းကိုလက်ဖြင့်အသာထိန်းကိုင်းရင်း မျက်မှောင်လည်းကြုတ်ထားမိသည်။ဘယ်ကိုရောက်နေတာလဲဆိုတာကိုမတွေးနိုင်ခင်မှာပဲ ခေါင်းထဲဝင်ရောက်လာသည်ကမနေ့ညကအဖြစ်အပျက်များ။

သူ...သူတကယ်ယုတ်မာခံလိုက်ရပြီလား။

ခန္ဓာကိုယ်အနှံ့ပြာပြာသလဲစစ်ဆေးကြည့်တော့လည်း အကောင်းပကတိအတိုင်း နာကျင်မှုတစ်စိုးတစ်စိမျှပင်မရှိ။ဘယ်ဘက်ပါးတစ်ဖက်နာကျင်နေသည်မှလွဲ၍ပေါ့။တော်သေးတာပေါ့...ဟုစိတ်ထဲမှတွေးရင်းသက်ပြင်းချမိသည်။

ဒါဆို...သူဘယ်ရောက်နေတာလဲ။

"အာ့"

အလောတကြီးလှုပ်ရှားလိုက်သည့်အခါမှ  လက်ကောက်ဝတ်မှနာကျင်မှုတချို့နှင့်အတူ  တိုင်တစ်ခုတွင်လက်ပြန်ကြိုးတုပ်ခံထားရမှန်းသတိထားမိတော့သည်။အရမ်းတင်းတင်းကြပ်ကြပ်တုပ်နှောင်ခံထားရတာမဟုတ်သော်လည်း အချိန်ကြာကြာတုပ်နှောင်ခံထားရတာကြောင့် နာကျင်မှုကသိသိသာသာပင်။

ကရင်လူမျိုးလေးဖြစ်သည့်စောလွန်း၏အသားအရည်သည် ဖြူသည်မဟုတ်ဘဲ ပန်းနုရောင်လေးယှက်ပြေးနေကာနူးညံ့လှသည်။အခုချိန် စောလွန်းလက်ကောက်ဝတ်မှာကြိုးရာတွေနီရဲနေမှာအသေအချာ။

မလုံ့တလုံကာရံထားသည့်ဝါးကပ်တွေကြောင့် မနက်ခင်းနေရောင်ခြည်နုနုသည် ခပ်ယဲ့ယဲ့တဲအိမ်လေးထဲသို့ဟိုတစ်ဖြောက်ဒီတစ်ဖြောက်ဝင်ရောက်နေသည်။စောလွန်းကိုချုပ်နှောင်ထားသည့်တဲလေးသည်အရမ်းမကြီး၊ပစ္စည်းပစ္စယလည်းများများစားစားမရှိတာကြောင့် နေအိမ်မဟုတ်ဘဲ နားခိုလို့ရရုံဆောက်ထားပုံရသည်။

အနီးနားတွင်သောက်ရေအိုးတစ်လုံးကို စင်ဖြင့်ထားရှိထားကာ ပန်းကန်ပြားအုပ်၍ရေခွက်ပါထားပေးထားသည်။အပေါ်မှနေ ဝါးခမောင်လေးကိုအုပ်ထားတာကြောင့်ထိုရေအိုးထဲမှရေသည်အေးမြနေမည်မှာဧကန်ပေ။

ထိုရေအိုး၊ဝါးကပ်နံရံတွင်ချိတ်ထားသည့်ရေနံဆီမီးအိမ်၊တဲဝင်ပေါက်အတတ်အဆင်းလုပ်သည့်နေရာတွင်ထောင်ထားသောဓားမတစ်လက်မှလွဲ၍ ဘာဆိုဘာမှရှိမနေပါ။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now