အပိုင်း(၁၁)

10.9K 1.2K 166
                                    

သက်လယ်....

မည်သူတစ်ဦးတစ်ယောက်မှမခေါ်ခဲ့ဖူးသည့်နာမ်စားလေးက ထိုလူ၏ပြုံးစစနှုတ်ဖျားဆီမှထွက်ပေါ်လာသည့်အခါ ခံစားလိုက်ရသည့်ရင်တွင်းတစ်နေရာမှလှပ်ခနဲလှုပ်ရှားမှုသည်အဘယ်ကိုရည်ညွှန်းပါတကား။

လက်ထဲကခရေပွင့်ဖတ်လေးတချို့ကိုတစ်လှည့် အရှေ့ကလူကိုတစ်လှည့်ကြည့်ကာ ဘယ်လိုပြန်တုန့်ပြန်ရမလဲမသိတာကြောင့် နှုတ်ဆိတ်နေမိသည်။အခေါ်ခံလိုက်ရသည့်စောလွန်းကအနေရခက်သလိုဖြစ်သွားပေမဲ့ ခေါ်ဆိုသူဓားပြကြီးမှာတော့ သူဘာမှမလုပ်လိုက်သလိုအေးအေးသက်သာပင်။

လေပြည်အေးတွေခပ်ကြမ်းကြမ်းတိုးဝှေ့သည့်အခါ တဖြုတ်ဖြုတ်ကြွေကျလာသောခရေပွင့်ဖတ်တချို့နှင့်အတူ ရာဇ၏နှလုံးသားသည်လည်း သိုးပေါက်လေးခြေဖဝါးအောက်ဝယ်ပြားပြားဝပ်လို့။

တကယ်ပါ ရာဇကိုအကြောင်သားလေးကြည့်နေသည့်ကောင်လေးသည် မြတ်နိုးဖွယ်ကောင်းလွန်းလှသည်။

ထိုအချိန်...နံ့သာရောင်ခရေတစ်ပွင့်ကအပင်ပေါ်မှကြွေကျလာကာ အညိုဘက်အနည်းငယ်သန်းနေသည့်ဆံနွယ်နုနုတို့ထက်တွင် တင်ကျန်နေလေတော့ ရာဇ၏လက်သည်ထိုဆံနွယ်များထက်သို့မဝံ့မရဲလှမ်းမိသည်။ခန္ဓာကိုယ်လေးအနည်းငယ်တွန့်သွားရုံမှအပ ငြင်းဆန်ခြင်းမပြုတော့မှ အရဲစွန့်စွာတင်နေသည့်ခရေတစ်ပွင့်ကိုဖယ်ပေးလိုက်သည့်အခါ ရာဇကိုပြူးကြောင်ကြောင်လေးကြည့်လာပြန်သည်။

လက်ဖျားနှင့်ထိရုံမျှတို့ထိမိသွားသည့်ဆံနွယ်မျှင်လေးတွေကလည်း ပိုးချည်မျှင်ကဲ့သို့နူးညံ့လွန်းလှသည်မှာဘယ်ဘုရားသခင်ကဖန်ဆင်းထားပါသလဲလေ။

"ခေါင်းပေါ်တင်နေလို့"

လက်ထဲကခရေပန်းတစ်ပွင့်ကိုပြကာ ရှင်းပြလိုက်တော့မှ

"သြော်..."

"ဒါဖြင့်...ကျုပ်တို့သွားရအောင်"

"အင်း သွားမယ်လေ"

စောလွန်းထိုသို့ပြောကာ သစ်သားခုံတန်းလေးမှကမန်းကတန်းထလိုက်သည်နှင့်တပြိုင်နက်...

"အာ့"

ခပ်ကြီးကြီးကျောက်ခဲတစ်လုံးကိုတတ်နင်းမိကာ မြေကြီးပေါ်ပစ်လဲကျပြီဟုထင်လိုက်သော်လည်း ခပ်တောင့်တောင့်ရင်အုပ်ကျယ်ကြီးထဲ စောလွန်းခန္ဓာကိုယ်လေးနစ်မြှပ်သွားရသည်။အကြောကြီးတွေထင်းထနေသည့်လက်တစ်စုံကလည်း ပုခုံးကိုသိုင်းဖက်ကာထိန်းပေးထားသေး၏။နီးကပ်လွန်းမကနီးကပ်နေသည့်အနေအထားကြောင့် စောလွန်းကိုယ်လေးတောင့်ခဲသွားရသည်အထိ။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now