ဟေမန်ဆောင်းကမြူးလေတော့ ပတ်ဝန်းကျင်တစ်ခွင်မြူနှင်းဝေကာ ချမ်းစိမ့်စိမ့်မနက်ခင်းလေးတစ်ခုဖြစ်လို့နေသည်။သစ်ရွက်ကလေးများပေါ်တွင်တင်နေသည့်ရေငွေ့တချို့သည်လည်း ဆောင်းရာသီ၏ပယောဂကြောင့်ခဲလို့ပင်နေချေပြီ။
ထိုသို့သောမနက်ခင်းကိုစောလွန်းကတော့ စောင်လေးချုံကာကွေးရင်းအန်တုနေရသည်။အေးစိမ့်နေတာကြောင့် စောင်အောက်ကသူ့ခြေထောက်လေးတွေပင် အေးစက်ကာကိုက်ခဲလာ၏။ဘယ်လိုမှအိပ်မရတော့သည့်အဆုံး ငေါက်ခနဲထထိုင်လိုက်ကာ တဲအတွင်းမျက်စိဝေ့ကြည့်တော့ ဓားပြကြီးကလည်းမရှိတော့ပေ။
ဒီလူအမြဲအစောကြီးထတယ်ဆိုတော့ ဝီရိယရှိတယ်ပြောရမည်။သို့သော်လည်း အခုကသူဒဏ်ရာရထားသည်မဟုတ်လား။အေးအေးဆေးဆေးအနားယူသင့်ပါ၏။ရာသီဥတုကအေးတော့ ဒဏ်ရာကလည်းကိုင်ခဲနေမှာအသေအချာပင်။
ထို့နောက် ကိုယ့်ကိုကိုယ်သေချာပြန်ကြည့်မိတော့မှစောင်ကနှစ်ထပ်ဖြစ်နေ၏။တစ်ထည်ကစောလွန်း၏စောင်ဆိုတော့ နောက်တစ်ထည်ကဓားပြကြီး၏စောင်ဖြစ်ရမည်။
ကြည့်ရတာ...သူအိပ်ယာကထတဲ့အချိန် နောက်တစ်ထပ်ထပ်ခြုံပေးသွားပုံပင်။
အေးစိမ့်စိမ့်မနက်ခင်းလေးဝယ် အနွေးလှိုင်းလေးတစ်ခုရင်ဘတ်သိမ့်ခနဲဖြတ်ပြေးသွားကာ စောလွန်းမျက်နှာထက်ဝယ်အပြုံးတို့ဖြစ်တည်လာသည်။နှလုံးသားကိုဖွင့်ချလိုက်သည့်အခါ ဂရုစိုက်မှုသေးသေးလေးကပင် သာယာသော မနက်ခင်းလေးတစ်ခုဖန်တီးပေးနိုင်သည်တဲ့လေ။
စောင်တွေသေချာခေါက်ကာ အိပ်ယာသိမ်းပြီးမှ တဲထဲကထွက်လာတော့ ထုံးစံအတိုင်းဓားပြကြီး၏အားကိုးရသည့်တပည့်တွေကသူ့တို့တာဝန်သူတို့လုပ်နေကြပြီ။အလုပ်များနေသူတွေကိုမရှုပ်တော့ဘဲ မျက်နှာအရင်သစ်ဖို့သာပြင်လိုက်၏။
အဟင်းး မသိလျှင်ကိုယ့်အိမ် ကိုယ့်ရွာကိုရောက်နေသလိုပါပင်။ဒီတောကြီးကစောလွန်းအတွက်မစိမ်းသက်တော့။ရက်အတော်ကြာနေခဲ့ရလို့လား ဒါမှမဟုတ်...ဓားပြကြီးနှင့်အတူရှိနေရတာကြောင့်ပေလား။
ဟိုတွေးဒီတွေ့နှင့် မျက်နှာသစ်လို့အပြီး ဓားပြကြီးကိုလိုက်ရှာကြည့်တော့ ဟော..တွေ့ပါပြီ။ထင်းမီးဖိုရှေ့ကုန်းကုန်းကွကွနှင့်ဘာတွေလုပ်နေသလဲမသိဘူး။
YOU ARE READING
"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]
Romanceဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သည့်ခေတ်ကအကြောင်းတွေပါဝင်မှာဖြစ်တဲ့အတွက် လူမျိုးရေးတိုက်ခိုက်လိုခြင်းမရှိကြောင်းကြိုတင်အသိပေးချင်ပါတယ...