အပိုင်း(၁၄)

9.4K 1K 160
                                    

"ဟင်"

စောလွန်းတစ်ရေးနိုးအပေါ့အပါးသွားရန် အိပ်နေရာမှထလိုက်သည့်အခါ အိပ်စက်သူကင်းမဲ့နေသည့်တစ်ဖက်ရှိနေရာလွတ်ကြောင့်အံသြသွားရသည်။ခေါင်းအုံးတွေစောင်တွေ လိပ်ရက်သားလေးရှိနေခြင်းကိုကြည့်ခြင်းဖြင့် ဓားပြကြီးကစောလွန်းလိုအပေါ့အပါးထသွားခြင်းတော့မဟုတ်တန်ရာ။

ဘယ်များသွားတာပါလိမ့် ညဥ့်ကအတော်နက်နေပြီကို။တွေးရင်းနဲ့ပဲ ထရံကမီးအိမ်လေးကိုယူကာ မီးခြစ်ဆံနှင့်မီးညှိ၍ထိုမီးအိမ်လေးကိုကိုင်ကာ တဲအပြင်သို့ထွက်လာလိုက်သည်။ဆောင်းတွင်းဖြစ်တာကြောင့်ဆီးကတော့ရွှင်သလားမမေးနှင့်။

သို့သော် နေရာကကိုယ်နှင့် တရင်းတနှီးရှိသည့်နေရာတွေမဟုတ်တာကြောင့် အရမ်းဝေးသည့်နေရာထိတော့မသွားရဲပေ။ပတ်ဝန်းကျင်ကအရမ်းကိုတိတ်ဆိတ်နေတာကြောင့်လျှောက်နေသည့်ခြေလှမ်းတွေကို စောလွန်းမြန်လိုက်သည်။မြန်မြန်ကိစ္စရှင်းပြီးတဲဆီကိုမြန်မြန်ပြန်ရမည်။အစကဓားပြကြီးဘယ်ရောက်သွားတာလဲတွေးမိပေမဲ့ အခုတော့ကိုယ့်ကိစ္စကအရေးကြီးနေတာကြောင့်ထိုလူကြီးကိုလည်းမတွေးမိတော့ချေ။အနီးနားမှာရှိသည့် သော်ကတို့၏တဲတွေကိုအကဲခတ်ကြည့်တော့လည်းတိတ်ဆိတ်နေလျက်ပေ။ထူးတော့ထူးဆန်းနေသည်။

သို့နှင့် အနည်းငယ်လှမ်းသည့်နေရာတွင်ရှိသော အိမ်သာဆီသို့သွားကာကိစ္စရှင်းပြီးမှပေါ့ပါးသွားတော့သည်။အလာတုန်းကလိုပဲမီးအိမ်ကလေးကိုင်ကာခပ်သွက်သွက်လျှောက်နေသည့်ခြေလှမ်းတွေသည် တွေ့လိုက်ရသော နောက်ကျောပြင်လေးခုကြောင့်ရပ်တန့်သွားတော့သည်။လေးယောက်လုံးဒီအချိန်ကြီးဘယ်သွားကြတာပါလိမ့်။သူတို့ကသူတို့အာရုံနှင့်သူတို့စကားပြောရင်းလမ်းလျှောက်နေတာကြောင့် စောလွန်းအနောက်မှာရှိနေမှန်းသတိထားမိဟန်မတူ။

"ဒီတစ်ခါဓားပြတိုက်တာကတော့မိုက်ချက်ပဲဟေ့ ဘာတစ်ခုမှလည်းပြန်ရမလာဘူး"

ကြားလိုက်ရသည့်စကားကြောင့်စောလွန်းလက်ထဲကမီးအိမ်ကလေးမြေပြင်ပေါ်သို့ဘုတ်ခနဲကျသွားရသည်။ဒါဆို...သူတို့အကုန်လုံးကဓားပြသွားတိုက်ကြတာပေါ့။သိပေမဲ့...ဓားပြတွေဆိုတာကိုအစတည်းကသိပေမဲ့...စောလွန်းရှိနေသည့်အချိန်မှာတော့ဆင်ခြင်မှာပဲလို့ထင်ခဲ့မိတာ။မီးအိမ်ပြုတ်ကျသံကြောင့် သူတို့လေးယောက်လုံးအသံကြားရာ စောလွန်းဆီသို့လှည့်ကြည့်လာကြသည်။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now