အပိုင်း(၈)

12.1K 1.3K 189
                                    

"သူကြီး ဆရာလေးပျောက်နေတာကိုဘာလို့အခုလိုအေးဆေးနေနေကြတာတုန်းဗျာ..."

"မင်းစိတ်ကိုအေးအေးထား မောင်ချစ်စေ ဆရာလေးကအသက်ပြည့်ပြီးသားလူတစ်ယောက် ပျောက်သွားတာနှစ်ဆယ့်လေးနာရီမပြည့်သေးဘူးလေကွယ် မင့်နှယ်... စိတ်ပူလွန်နေတာဖြစ်မှာပါကွာ တစ်နေရာရာသွားနေလို့လည်းဖြစ်နိုင်တာပဲ အချိန်တန်ရင်ပြန်လာမှာပေါ့ ပြီးတော့...ဒီကနေ့ကကျောင်းပိတ်ရက်မဟုတ်ပေလားကွဲ့ "

နေ့တစ်ဝက်လောက်အစောကိုတစ်ရွာလုံးအနှံ့လိုက်ရှာပါသော်လည်း ချစ်ရသူနှင့်တူသည့်အရိပ်ကလေးတစ်ခုတောင်ရှာလို့မတွေ့ခဲ့ပါ။စိတ်ပူရည်မှတ်ကအမြင့်ဆုံးဖြစ်လာသည့်အခါ သူကြီးအိမ်သို့ဒုန်းစိုင်းပြေးလာ၍အကြောင်းစုံပြောပြသော်လည်း ကွပ်ပျစ်တွင်သူကြီးကတော်နှင့်အတူ လက်ဖက်လေးစားလိုက် အကြမ်းရည်လေးသောက်လိုက်လုပ်ကာပြောနေသည့် သူကြီးသည်အေးအေးဆေးဆေးနိုင်လွန်းလှသည်။

"ကျစ်!ကျူပ်ကဘယ်လိုစိတ်အေးအေးထားနိုင်မှာလဲဗျာ သူကကျုပ်ရဲ့.....တော်ပြီတော်ပြီ
သူကြီးတို့ဝိုင်းမရှာပေးလည်းကျုပ်ဘာသာကျုပ်ပဲရှာတော့မယ်"

ဒေါသထွက်ထွက်နှင့် သူကြီးတို့အိမ်၏ဝိုင်းစည်းရိုး(ခြံစည်းရိုး)ကိုခြေထောက်ဖြင့်ကန်ရင်းထိုနေရာမှထွက်လာခဲ့သည်။ဒီထက်ပိုပြီး သူကြီးကိုအရွှဲ့တိုက်ပြချင်ပါသော်လည်း ထိပ်တုံးစာမိလို့တော့မဖြစ်။အစောကိုရှာရဦးမည်မလား။

ကျောင်းပိတ်ရက်ဆိုပေမဲ့ အစောကဘယ်တုန်းကများအခုလိုပျောက်သွားဖူးလို့လဲ။အိမ်၊ကျောင်းနှင့်ရွာအပြင်ဘက်ကစေတီပျက်ကလေးကလွဲရင် ဘယ်ကိုမှမသွားတတ်တာကိုချစ်သူဖြစ်သည့်သူကအသိ။အသက်ပြည့်ပြီးသားကျောင်းဆရာလေးတစ်ယောက်ဖြစ်ပေမဲ့ အစောကဖြူဖြူဖွေးဖွေးနှင့်ဂွမ်းလုံးလေးတစ်ခုလိုသိပ်ချစ်ဖို့ကောင်းတာ။

အေးချမ်းလှသည့်ချစ်စေမောင်တို့၏ ဒေါင်းလုံရွာလေးကလူရမ်းကားတို့လူယုတ်မာတို့မရှိသော်လည်း အခုတစ်လောသူခိုးဓားပြကောင်တွေသောင်းကျန်းနေလေတော့ သူတို့များဖမ်းခေါ်သွားလေမလားဆိုသည့်စိတ်ဖြင့် တွေးပူရသည်။သူခိုးဓားပြတွေထက်အန္တရာယ်ရှိတဲ့သူတွေကလည်း ရွာမှာ‌ရောက်နေကြသည်မလား။ထိုဂျပန်ပုလိပ်တွေက ယုတ်မာသည့်အပြင် အလွန်လည်းအောက်တန်းကျလှသည်။သူတို့၏လုပ်ရပ်တွေဟာ တစ်နေ့ထက်တစ်နေ့ဆိုးရွာလာကာ ရွာအတွင်းရှိ မိန်းကလေးအပျိုရောအအိုပါမကျန်မလုံခြုံတော့သည်အထိ။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now