Chapter 44 Part 2 (Uni/Zawgyi)

596 64 6
                                    

Unicode Font

44. ကလူကာ ပရောပရည်လုပ်ခြင်း (2)

ကြမ်းပြင်ကနေ မျက်နှာကြက်ထိ ထိစပ်နေသော ပြတင်းပေါက်တို့ကို ဖွင့်ထားခဲ့သောကြောင့် ကန်ရေပြင်မှ လေပြည်လေညှင်းတို့က ဝင်ရောက်လာနေပြီး တစ်အိမ်လုံးကို လတ်ဆတ်သော လေပြည်လေသွေးနှင့် ပန်းရနံ့တို့ သင်းပျံ့စေနေသည်။

သူတို့အိမ်ရာအနောက်ရှိ ကန်ရေပြင်နောက်တွင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အရောင်အသွေးစုံလှကာ မျက်စိကို ဖမ်းစားစေသော ပန်းပင်များဖြင့် စိုက်ပျိုးထားသည်။

ပန်းရနံ့များကို ရှူရှိုက်လိုက်ရင်း ကျီချင်းယင်းသည် မီးဖိုချောင်ထဲက လူကို ကြည့်ရန် ခေါင်းလေး စောင်းလိုက်သည်။

သူ ထိုမှာ ရပ်နေသောအခါ ကြည့်ရတာ အရပ်မြင့်နေသည်။ ဖုရန်ကျီးသည် သူ့အရှေ့က ပစ္စည်းများကို စိတ်အားထက်သန်စွာ ကြည့်နေကာ တစ်ခါတစ်ရံ သူ့လက်များနှင့် အိုးထဲသို့ တစ်ခုခု ထည့်နေသည်။

အတော်လေးကို ပုံမှန်ဖြစ်သော လှုပ်ရှားမှုတစ်ခု ဖြစ်ပေမဲ့ ကျီချင်းယင်းမှာ အကြည့်မလွှဲနိုင်ဘဲ ဖြစ်နေသည်။

ခေတ္တ စိုက်ကြည့်ခဲ့ပြီးနောက် သူမ လက်ထုတ်ကာ မျက်လုံးများကို ပွတ်လိုက်သည်။ ထို့နောက် သူမ မီးဖိုချောင်ထဲသို့ လျှောက်ဝင်လာခဲ့သည်။

သူမ ခြေသံများကို ကြားပြီးနောက် ဖုရန်ကျီး သူမကို လှည့်ကြည့်လိုက်သည်၊ "မင်း ဘာလို့ ဒီရောက်လာတာလဲ"

ကျီချင်းယင်း "အင်း"ဟု ဆိုလိုက်ကာ သူ့ကို အနောက်ကနေ ဖက်လိုက်သည်။ "တစ်ယောက်တည်း ထိုင်နေရတာ ပျင်းလို့။"

သူမ ခေါင်းအောက်ချကာ သူ့ကျောကို ပွတ်ကာ သူ့ခန္ဓာကိုယ်အပူချိန်ကို ခံစားနေသည်။

ဖုရန်ကျီး မွှေလိုက်ပြီး အသံတိုးတိုးနှင့်ဆိုလိုက်သည်၊ "ခဏနေ ရပြီး။"

တစ်အောင့်ကြာသော် အမူးပြေစေသော လက်ဖက်ရည်မှာ အဆင်သင့်ဖြစ်သွားတော့သည်။

ဖုရန်ကျီး အေးသွားအောင် မှုတ်ပေးလိုက်ပြီး အပူချိန်အနေတော်ဖြစ်မှ သူမဆီ ကမ်းပေးလိုက်သည်။

Jiaochen (MM Translation)Where stories live. Discover now