အခန်း 33

10.7K 471 19
                                    

"အဘွားပြောတာကို မင်းတို့သဘောပေါက်မယ်လို့ ထင်ပါတယ်"

ဒေါ်ဝါဝါညွန့်က ပြောပြီး ရှေ့က နေတို့နှစ်ယောက်ကို အကဲခတ်သလိုသေချာစိုက်ကြည့်သည်။ဧည့်ခန်းကျယ်ကြီးက ခမ်းနားတောက်ပြောင်နေကာ ဆိုဖာကြီးတွေက အိစက်နေသည်။ဒေါ်ဝါဝါညွန့်ဘေးနားတွင် ဒေါ်မြက ခပ်ရို့ရို့ရပ်နေသည်။နေနဲ့ချမ်းက ဒေါ်ဝါဝါညွန့်နဲ့မျက်နှာချင်းဆိုင် ထိုင်ခုံမှာအတူတွဲထိုင်နေသည်။ဘွားအေဖြစ်သူစကား ကြောင့် နေ့ မေးကြောတွေတင်းခနဲဖြစ်သည်။အဘွား ပြောသည်က ချမ်းနဲ့သူ့ကို နောက်လမှ လက်ထပ်ပွဲလုပ်ပေးမည် ဖြစ်၍ ခုတော့ ခဏခွဲနေကြရန် ပြောခြင်းဖြစ်သည်။

"ကျွန်တော် လက်မခံနိုင်ဘူးအဘွား...ကျွန်တော်တို့ လက်ထပ်ပြီးသွားပြီမို့ အဘွားနောက်ထပ်လက်ထပ်ပွဲ လုပ်ပေးစရာမလိုဘူး..ကျွန်တော်တို့ ဒီအတိုင်းလည်း အဆင်ပြေပါတယ်"

"နေမင်းတာရာ!မင်း ငါ့ကိုအသိမပေးပဲ လုပ်ချင်တာလုပ်သွားတယ်...အခု ငါ မင်းရဲ့အဘွားတစ်ယောက်အနေနဲ့ လုပ်သင့်တာလုပ်ပေးတော့လည်း လက်မခံဘူး...ငါ့ကို မင်းရဲ့ အဘွားလို့ရော သတ်မှတ်သေးလား"

ဒေါ်ဝါဝါညွန့်က မျက်နှာတင်းမာလျက်ဒေါသထွက်စွာ ဆိုတော့ နေ ငြိမ်သက်သည်။သူ အဘွားနဲ့ စကားမများချင်ပေ။ဒါပေမဲ့ လက်ထပ်ပွဲမလုပ်ပေးခင် ခွဲနေရမည်ဆိုတာတော့ မဟုတ်သေးဘူး။ထိုစဉ် ဒေါ်မေမီက ဧည့်ခန်းထဲ ရောက်လာသည်။

"မာမီ!"

ဒေါ်မေမီကို မြင်တော့ ချမ်း အနည်းငယ် ထိတ်လန့်သွားရကာ ဆုပ်ကိုင်ထားသည့် နေ့ လက်ကိုပိုမိုတင်းကြပ်ဆုပ်ကိုင်လာသည်။ချမ်း မာမီကို လိမ်ပြောပြီး မောင်နဲ့ထွက်ပြေးသွားခဲ့သည်မဟုတ်လား။သေချာပေါက် မာမီစိတ်ဆိုးနေမှာပင်။

ဒေါ်မေမီက ဆိုဖာပေါ်တွင်ဝင်ထိုင်သည်။တင်းတင်းဆုပ်ကိုင်ထားသည့် လက်အစုံကိုတစ်ချက်ကြည့်သည်။

"ချမ်းလေး...နေကောင်းတယ်မလား"

သားဖြစ်သူကို အပြုံးဖြင့်လှမ်းကြည့်ရင်း မေးသည်။အသားအရည်စိုပြေကာ ခန်ဓာကိုယ်လေး အရင်ကထက်ပိုပြည့်လာသည့် ချမ်းက မေးစရာမလိုအောင် ပျော်ရွှင်ကျန်းမာနေပုံပင်။သားဖြစ်သူ ပျော်ရွှင်နေပေမဲ့ ဒါက ခဏတာပဲဖြစ်လိမ့်မည်။ယောကျာ်းနှစ်ယောက်ရဲ့ ချစ်ခြင်းက ဘယ်လောက်ထိ တာရှည်ခံမှာမလို့လဲ။လူအများရှုံ့ချစရာဖြစ်လိမ့်မည်။ပြီးတော့ သားသမီးရဖို့က ရာခိုင်နှုန်းနည်းလှသည်။

Falling In Love With My Husband.Where stories live. Discover now