အခန်း 49

14K 655 28
                                    

"မြေးလေ...ဘာတွေလုပ်နေတာတုန်း"

ဧည့်ခန်းရှိ စားပွဲပေါ်တွင် ခဲတံလေးကိုင်ကာ ဟန်ကြီးပန်ကြီး စာငုံ့ရေးနေဟန်ပေါ်သည့် Sunလေးကြောင့် ဒေါ်မေမီက ဧည့်ခန်းထဲဝင်လာရင်းမှ အပြုံးဖြင့်မေးသည်။ရှေ့တွင် TVကြီးဖွင့်ထားပေမဲ့ TVက ကားတွန်းကားကို စိတ်မဝင်စားဘဲ စာအုပ်ထံ အာရုံစိုက်နေသည်။ဘေးတွင်ရောင်စုံခဲတံ ဘူးလိုက်ကြီး ချထားပြီး ကြမ်းပြင်တွင်လည်း ဆိုင်ကယ်ရုပ်တွေ၊စက်ရုပ် အရုပ်တွေ ပျံ့ကျဲလျက်ရှိသည်။

"ပုံဆွဲနေတာ...ဘွားဘွားကြီး"

sunလေးက ဘေးတွင်ဝင်ထိုင်လာသည့် အဘွားဖြစ်သူအား မော့ကြည့်ကာ ဖြေသည်။

"ဘာပုံ‌ဆွဲတာလဲ...ဘွားဘွားကိုပြပါအုံး"

"ဟုတ်!..ခဏရေး..ဘွားဘွားကြီး သား ဆွဲလို့ ပြီးတော့မယ်"

sunလေးက သူ့အဘွားကိုပြောပြီး အားတက်သရော ပုံဆက်ဆွဲသည်။ဒေါ်မေမီက ပုံငုံ့ဆွဲနေသည့် မြေးဖြစ်သူ ခေါင်းလေးအား ဖွဖွပွတ်သပ်ပေးနေရင်း စောင့်သည်။ မြေးလေးက ဟိုကောင်လေး သွေးသားဖြစ်စေအုံးတော့၊မြေးလေးကိုလည်း သူမ အဆုံးရှုံးမခံနိုင်ပေ။သားရော မြေး လေးရော နှစ်ယောက်စလုံး သူမကိုချန်ထားခဲ့ကြပြီး ဟိုကောင်လေးနောက်ပါသွားမည်ကို သူမစိုးထိတ်လှပါသည်။

"ဘွားဘွားကြီး..ပြီးပြီ!"

Sunလေးက ပုံဆွဲလို့ပြီးသည်နဲ့ ပုံဆွဲကတ်ပြားအား ဆွဲယူကာ အဘွားဖြစ်သူထံပြသည်။Sunလေးပါးပြင်ထက်တွင် ရောင်စုံဆေးရာ စင်းကြောင်းလေး ပေနေသည်။သူဆွဲထားသည့်ပုံ ကိုစိုက်ကြည့်နေသည့် အဘွားဖြစ်သူအားကြည့်ကာsunလေး မျက်လုံးလေးတွေ တလက်လက်တောက်လျက်။ကလေးပီပီ ဘွားအေးဖြစ်သူထံမှ ချီးကျူးစကား ကြားလိုခြင်းဖြစ်သည်။

sunလေးဆွဲထားသည့် ပုံက လူသုံးယောက် လက်ချင်းချိတ်နေကြသည့်ပုံဖြစ်သည်။

"ဒါက..ပါးပါး..ဒါက sunလေး...ဒါက ဒယ်ဒီ!!"

လက်ညှိုးတိုတိုလေးဖြင့် သူဆွဲထားသည့်ပုံကို ထောက်ပြကာ ရှင်းပြသေးသည်။sunလေးစကားကြောင့် ဒေါ်မေမီ မျက်နှာကွက်ခနဲပျက်သည်။

Falling In Love With My Husband.Where stories live. Discover now