Chapter 122- ကတိ

1.1K 286 23
                                    

Unicode

" လူသတ်သမားက ၁၈နှစ်ပဲရှိသေးတယ် အထက်တန်းကျောင်းသားလေးဆို"

" ပြီးတော့ တော်တော်လေးကို စာတော်တာတဲ့.. တကယ်ပဲလား"

"..."

အရု‌ဏ်တက်သည်နှင့် အထွေထွေရုံးချုပ်ရှေ့တွင် သတင်းထောက်များ ဝိုင်းအုံနေကြသည်။

ထိုလူများက ကင်မရာများကိုင်၍ လမ်းပိတ်ကာ ရံဖန်ရံခါဆိုသလို ကင်မရာမီး တဖျပ်ဖျပ်တို့ကလဲ လက်နေသေး၏။ သူတို့တွင် အချက်အလက်ရနိုင်သည့် နည်းလမ်းမျိုးစုံကို ရှိနေကြသည်။ အမှုတရားခံအစစ်ကို သေချာမကြေညာရသေးခင်မှာပင် အထွေထွေရုံးချုပ် အပေါက်ဝကို ပိတ်ထားကြလေ၏။

‌လက်ရှိအမှုတွင် သေဆုံးသူများအားလုံးက ကျောင်းသားလေးများ ဖြစ်သောကြောင့် လူစိတ်ဝင်စားသော ခေါင်းစဉ် ဖြစ်ခဲ့သည်။ သို့သော် လူသတ်သမားကိုယ်တိုင်က အထက်တန်းကျောင်းသားလေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟုတော့ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြ။

အထက်တန်းကျောင်းသားလေးတစ်ယောက်.. အထူးသဖြင့် တစ်မြို့လုံးတွင် အတော်ဆုံးဟု ယူဆနိုင်သည့် ‌ကျောင်းသားလေးတစ်ယောက်က အဆိုပါ ပြစ်မှုကြီးကို ကျူးလွန်ခဲ့၏။

ထိုသတင်းမှာ ခဏချင်းပင် တောမီးကဲ့သို့ ပျံ့နှံ့လေတော့သည်။

တချို့သတင်းဌာနများဆို ရှန်ရှင်းဟယ်၏ စာမေးပွဲရလဒ်များကိုပါ ကြိုတင် စစ်ဆေးခဲ့ကြသည်။ တစ်မြို့လုံးအတိုင်းအတာတွင် ရှန်ရှင်းဟယ်က အမြဲလိုလို ပထမရခဲ့ကာ သူ့ထက် အမှတ်များခဲ့ဖူးသူ မရှိသလောက်ပင် နည်းပါးသည်ကို တွေ့ရတော့ သူတို့အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြ၏။

မှုခင်းရဲများလဲ ထိုလူအုပ်ကြီးကို တိုးကာဝှေ့ကာနှင့် လှုပ်ရှားသွားလာကြရသည်။

လူအုပ်ကြီးကို ဖြတ်သွားပြီးနေချိန် ကင်မရာများက အနောက်ဆုံးမှ လျှောက်လာသည့် လူနှစ်ယောက်ထံသို့ အာရုံစိုက်သွားကြ၏။

ရှဲ့လင်က ဒီနေ့ တစ်ကိုယ်လုံး အဖြူဆွတ်ဆွတ်ကိုသာ ဝတ်လာခဲ့သည်။ သို့သော် အဖြူရောင်ကုတ်က သူ့ကို အပြစ်ကင်းစင်သူ ကောင်လေးအဖြစ် မပြောင်းလဲပေးနိုင်။ မိန်းကလေးများအသည်းကို လှည့်စားသူတစ်ယောက်ပုံစံက လုံးဝပျောက်မသွားခဲ့။ ထို့နောက် သူနှင့်အနီးဆုံး ရုပ်သံလွှင့်ဌာန သတင်းထောက်တစ်ယောက်ကို ကြည့်ကာ ပြုံးပြသည်။
" ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါဦးဗျာ.. ကျွန်တော့်လက်ထောက်က အသန့်အရမ်းကြိုက်လို့ လူတွေ သူ့အနားကပ်တာ မကြိုက်လို့ပါဗျာ.."

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now