(P _ 1) Unicode

79.7K 5.4K 516
                                    

အခန်း (၁)




သာမန် လူလတ်တန်းစားတွေ နေထိုင်တဲ့ ရပ်ကွက်တစ်ခုမှ လမ်းတစ်လမ်းထဲကို ‌လမ်းလျောက်ဝင်လာသော ယောက်ျား ပျို တစ်ယောက်။ လည်ပင်းအတိ ကြယ်သီး အစုံအစိ တပ်ထားတဲ့ အပြာ‌ေရာင်ဖျော့ဖျော့ ရှပ်အင်္ကျီ လက်တို၊ ပုဆိုးအကွက်စိပ် နက်ပြာရောင်လေးကို တွဲဖက်ဝတ်ထားသော ထိုလူ။ သူက အနက်ရောင် ကတ္တီပါ ခြေညှပ်ဖိနပ်ကိုလည်း စီးထားသည်။ အသားလည်း ဖြူသည်။ အရပ်အမောင်းကလည်း အရမ်းအမြင့်ကြီး မဟုတ်သော်လည်း ငါးပေကျော်ကျော်လောက်တော့ ရှိသည်။ သန်မာထွားကြိုင်းတဲ့ ဗလကြီးကြီးတွေ မရှိသော်လည်း ကျစ်လျစ်၍ ပိန်ပိန်ပါးပါး ကိုယ်ခန္ဓာရှိ၏။

အပေါ်ပိုင်း အနည်းငယ် ရှည်၍ အနောက်ပိုင်းမှာ တိုတိုပါးပါးရှိသော အနက်ရောင် ဆံပင်ကို ခေါင်းလိမ်းဆီ တမျိုးမျိုးနဲ့ ရိုးရိုးရှင်းရှင်း ဘေးခွဲထားသည်။ အထူးသဖြင့် သူ့ရုပ်ရည် သူ့မျက်နှာပေါက်ဟာ မြင်ရသူတိုင်းကို အနည်းဆုံး နှစ်ခါလောက်တော့ ငေးသွားစေ၏။

ယောက်ျားတစ်ယောက် ဖြစ်တာမို့ ချောလိုက်တဲ့ ယောက်ျားလို့ ချီးမွမ်းရမယ့်အစား လှလိုက်တဲ့ ယောက်ျားလို့ ပါးစပ်ကနေ ထွက်မိရတဲ့အထိ။
ဟုတ်သည်။ သူက မိန်းမချောလေး ချောတဲ့ ယောက်ျားတစ်ယောက်။ အမှတ်တမဲ့ ကြည့်ရင် ယောက်ျားလေးလို ဝတ်စားထားတဲ့ မိန်းကလေး(ယောက်ျားလျာ)လို့ ထင်ရနိုင်သည်။ သေချာ စေ့စေ့စပ်စပ် ခွဲခြား ကြည့်မယ်ဆိုရင်တော့ သူက ယောက်ျားလေးစစ်စစ်ပါပဲ။

ဈေးပေါတဲ့ ခပ်နွမ်းနွမ်း ကျောပိုးအိတ် တစ်လုံးကိုလည်း လွယ်ထားသေးသည်။ သူက အလုပ်ကနေ ပြန်လာတဲ့ အလုပ်သမားလား။ ကျောင်းနေ ပြန်လာတဲ့ ကျောင်းသားလား။

အချိန်က ညနေ ငါးနာရီ ဝန်းကျင်။ ပျံကျရပ်ကွက် ဆင်ခြေဖုံးတွေလို အိမ်တွေ စုပြုံနေတာတွေ လျောက်လမ်းတွေ ယိုယွင်းပျက်ဆီးနေတာတွေတော့ မရှိ။ အစိုးရက စီမံကိန်းနဲ့ ခင်းပေးထားတဲ့ ကွန်ကရစ် ရပ်ကွက်လမ်းငယ်တွေက ဖြောင့်ဖြောင့်ဖြူးဖြူး။

လူလတ်တန်းစားတွေ နေတဲ့ ရပ်ကွက်မို့ အရွယ်တော် ခြံဝင်းလေးတွေနဲ့ အိမ်လေးတွေက သီးသီးသန့်သန့်။ မြို့ထဲဘက်က နေရာတွေလိုမျိုး တိုက်အမြင့်ကြီးတွေနဲ့ မွန်းကြပ်နေတာမျိုးလည်း မခံစားရ။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now