( P_9 ) Unicode

30.9K 3.6K 89
                                    

အခန်း (၉)


(လွန်ခဲ့သော 11နှစ်ကျော် 12နှစ်နီးပါး အချိန်။ ဆေးရဲ့ အသက်15နှစ်အရွယ် အချိန်ကာလ။)

စစ်ကိုင်းတိုင်း မုံရွာခရိုင် ထဲက မြို့နယ်ကလေး တစ်ခုတွင် ဆေးဆိုသည့် ကောင်လေးတစ်ယောက်အား မွေးဖွားခဲ့သည်။ ထိုနယ်မြို့ကလေးသည် ဆေးရဲ့ ဇာတိ အရပ်ဒေသလေးလည်း ဖြစ်သည်။ အသက်15နှစ်အထိ ကြီးပြင်းနေထိုင်လာသော ကမ္ဘာငယ်လေးတစ်ခု။

နယ်မြို့ငယ်လေး ဖြစ်တာမို့ ဒီနေရာလေးမှာတော့ ဆေးဆိုတဲ့ ကောင်လေးရဲ့ ရုပ်ရည်ဟာ အတော်လေး ကျော်ကြားခဲ့သည်။ ယောက်ျားလေး တစ်ယောက်အတွက် ထူးထူးခြားခြား လှပနေသော ရုပ်ရည်ကြောင့် မိန်းကလေးတွေ ကြားမှာလည်း ရေပန်းစားခဲ့သည်။

ဆေးရဲ့ မိဘတွေက သာမန် လယ်ယာလုပ်ကိုင်သူတွေပါ။ မိခင်နဲ့ ဖခင်က ရုပ်ရည်ကြည့်ကောင်းကြသည်ဆိုတာ မှန်ပေမဲ့ သားဦး ဆေးအလှည့်ကျမှ အပိုဆောင်းပြီး အချောအလှတွေ ပါသွားသလိုမျိုး။ ဆေးက သူ့မိဘတွေနဲ့ ရုပ်ကလေး ဆင်သည်ဆိုရုံသာရှိသည်။

လိမ္မာရေးခြားရှိပြီး အနေ‌အေးသူ တစ်ယောက်မို့ ပတ်ဝန်းကျင်က လူကြီးမိဘတွေရဲ့ ချီးမွမ်း ပြောဆိုခြင်းကိုလည်း ခံရလေ့ရှိသည်။ ကျောင်းမှာ စာကြိုးစားတဲ့ ကျောင်းသားတစ်ယောက် ဖြစ်သလို ဆရာတွေက ချစ်သော ကျောင်းသားလေး တစ်ယောက်လည်း ဖြစ်သည်။

သူ့ဘဝက သာမန်ဘဝကလေး။ အေးချမ်းလှစွာ ရှင်သန်ကြီးပြင်းခဲ့သော ဘဝကလေး။
အဲဒီလို ဘဝလေးထဲကို တစ်နေ့မှာတော့ မုန်တိုင်းလေးတစ်ခုက အစပျိုးရန် ချဉ်းနင်းဝင်ရောက် လာပါတော့သည်။

နယ်က အထက်တန်း ကျောင်းလေးရဲ့ ဘုံကထိန် လှည့်လည်သည့် ပွဲတစ်ခုတွင် ဆေးက ပါဝင်ခဲ့ရသည်။ ဦးရွှေရိုးနဲ့ ဒေါ်မိုး ကပြဖျော်ဖြေ‌ရန် ဆရာတွေ ဆရာမတွေက ကျောင်းက အတန်းကြီး ကျောင်းသားတွေကို လူရွေးကြ၏။

ထိုကျောင်းသားတွေ အထဲတွင် ဆေးက ပါသွားခဲ့သည်။ ဆရာမတွေရဲ့ အမြင်အရ ဆေးကို ဒေါ်မိုးနေရာမှာ ပါဝင်ဖို့ အသင့်တော်ဆုံးဟုဆိုကာ ပြိုင်ဘက်မရှိ သီးသန့်ရွေးချယ်လိုက်ကြ၏။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now