(P _ 3) Unicode

39.5K 4.5K 747
                                    

အခန်း (၃)



အချိန်က နေ့လည်ခင်းအချိန်။ အိမ်ခြံဝင်းထဲမှ အမိုးသာပါသော သစ်သားဘန်ဂလိုငယ်လေးထဲတွင် ဦးရာပြည့်ငြိမ်းတစ်ယောက် ရှိနေသည်။ အိမ်ထဲက အဲကွန်းရှိသည့် အခန်းထဲတွင် အလုပ်လုပ်ရတာထက် သဘာဝလေ ရသော ဒီနေရာလေးကိုသာ ပိုနှစ်သက်မိတာမို့။

ဘန်ဂလိုလေးထဲမှ စားပွဲတွင် Laptopတစ်လုံးနဲ့ ဖိုင်တွဲပေါင်းများစွာကို သူစစ်နေတာ ဖြစ်သည်။ ဘေးမှာတော့ သူနဲ့အတူ ကော်ဖီခွက်လေးက အဖော်ရှိနေပါ၏။ အလုပ်ထဲ စိတ်ရောက်နေတာမို့ ဘေးပတ်ဝန်းကျင်ကိုလည်း သတိမထားမိပေ။

သူက သတိမထားမိသော်လည်း တစ်စုံတစ်ယောက်ကတော့ သူ့ကို အိမ်အပေါ်ထပ် ဝရံတာကနေ လှမ်း၍ ရပ်ကြည့်နေခဲ့လေသည်။ သူက တူဖြစ်သူ မြတ်ဋီကာပင်။

အမှတ်တမဲ့ အခန်းအပြင်ဘက် ဝရံတာကို ထွက်ရပ်မိလိုက်စဉ် ဦးလေးဖြစ်သူကို တွေ့လိုက်ရတာ ဖြစ်သည်။ ရပ်ကြည့်နေမိခြင်းက အကြောင်းမဲ့တော့ မဟုတ်။ တစ်ခုခုကို တွေးနေမိတာမျိုး။

တစ်အိမ်တည်းမှာ နေကြပေမဲ့ သူ့အလုပ်နဲ့သူ ကိုယ့်အလုပ်နဲ့ကိုယ်။ တွေ့ဆုံချိန်က နည်းလွန်းလှသည်။ ဋီကာ့အလုပ်က Freelance လိုမျိုး အိမ်မှာနေလည်း ဖြစ်ပေမဲ့ တစ်ခါတစ်ရံတော့ ရုံးကိုသွားရတတ်သည်။ အန်ကယ်လေးကလည်း ဟိုတယ်ကို ကျွမ်းကျင် ဝန်ထမ်းတွေနဲ့သာ လွှတ်ထားလို့ရပေမဲ့ သူကိုယ်တိုင်လည်း ဖိဖိစီးစီး ဦးဆောင်တတ်တဲ့သူ။

ဒီလို ဒီကြောင်းတွေနဲ့ အလုပ်များကြသော တူဝရီးတွေပင်။ အခုက နှစ်ယောက်လုံး အိမ်မှာရှိနေသောအချိန်။ မျက်နှာချင်းဆိုင် မြင်နေရတော့ ဟိုရက်က မေမေပြောပြတဲ့ လက်ထပ်ခြင်းကိစ္စက ခေါင်းထဲ တိုးဝင်သတိရသွားစေသည်။

ပြီးတော့ မနေ့က သူ့ရုံးခန်းအသစ်ကို ဖေဖေလာကြည့်သည်။ အပြန်ကျတော့ သူနဲ့အပြင်မှာ ထမင်းထွက်စား ဖြစ်ကြသေးသည်။ ဖေဖေ ပြောလိုက်တဲ့ စကားတွေကိုလည်း ပြန်တွေးဖြစ်သွားရ၏။

"မင်းလည်း ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်နေတဲ့ အရွယ်ရောက်နေပြီ ဋီကာ ...တစ်ယောက်တည်း သပ်သပ် အိမ်ခွဲနေသင့်ပြီ ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါDonde viven las historias. Descúbrelo ahora