(P_18) Unicode

32.8K 3.9K 480
                                    

အခန်း (၁၈)


မင်္ဂလာဦး ဆွမ်းကျွေးကို အရုဏ်ဦးမှာ လုပ်ပြီး နေ့လည် ကျတော့ ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကို လုပ်သည်။ တစ်နေ့တာလုံး သတို့သား သတို့သမီးအပြင် ကျန်တဲ့သူတွေပါ မနားရ။ ဧည့်သည်တွေ ဧည့်ခံရပြီး တချို့တလေကို ကူညီ လုပ်ကိုင်ပေးရသည်။

ဧည့်ခံပွဲမှာ ဒုတိယဇာတ်လိုက်က မြတ်ဋီကာ ဖြစ်နေသည်။ လာသမျှ ဧည့်သည်တွေထဲတွင် သမီးရှင်တွေ ပါလာတိုင်း ဋီကာ့ကို ခေါ်ပြီး မိတ်ဆက်ပေးနေကြသည်။ ဒေါ်ရာစုပြည့်နဲ့ ဒေါ်ကေသီ နှစ်ယောက်လုံးက မြတ်ဋီကာကို လုံးဝအလွတ်မပေး။
ဒေါ်ကေသီက နိုင်ငံခြားကနေ ဘွဲ့ရလာသော ဗိသုကာပညာရှင် တူလေးချောချောကို အထူး ပွဲထုတ်နေ၏။ ဒေါ်ရာစုပြည့်ကလည်း အလိုတူ အလိုပါ။

ဋီကာတစ်ယောက် နာရီပိုင်းလောက်လေး လုပ်သော ဧည့်ခံပွဲတွင် မနားရအောင် လူတကာနဲ့ တွေ့နေရသည်။ ဋီကာတွေ့ရသည်က သမီးရှင်တွေတင် မဟုတ်ဘဲ မင်္ဂလာပွဲလာသည့် မန္တလေးသူ အချောအလှတွေလည်းပါသေးသည်။ ကိုဆေးကျတော့ ဦးရာပြည့်ငြိမ်း အနားမှာ နေတဲ့အခါ နေသည်။ သင်းမောင်မောင်နဲ့ သင်းလဲ့နွေးတို့ အနားမှာ နေတဲ့အခါ နေသည်။ ဒီနေရာမှာ ဘယ်သူနဲ့မှ သူမသိတာမို့ သူသိတဲ့ သူတွေ အနားမှာသာ နေသည်။

ဋီကာကလည်း ကိုဆေးအနား မရောက်ဖြစ်။ အမေတွေ အဒေါ်တွေ အလစ်မှာ ခဏရှောင်ထွက်လာခဲ့ပြီး ကိုဆေးတို့ အနား ရောက်သွားမိပြန်၏။

"မေမေနဲ့ အန်တီပြည့်ကြောင့် ဋီကာတစ်ယောက် မန္တလေးသူနဲ့ အိမ်ထောင်ကျတော့မှာပဲ ..."

အလတ်မ သင်းလဲ့နွေးက ဋီကာ့ကို စနေသည်။ သင်းမောင်မောင်နဲ့ ကိုဆေးကလည်း ရယ်လို့။ ဋီကာ့မျက်နှာကတော့ ပုပ်သိုးနေသည်။

"ကျစရာလား ...ငါ ဒီမင်္ဂလာပွဲကနေ ထွက်ပြေးချင်လာပြီ ..."

"ဘာဖြစ်လဲ အစ်ကိုရယ် အများကြီးထဲက တစ်ယောက်လောက် ရွေးလိုက်ပေါ့ ..."

"အေးလေ နင်ကလည်း တစ်ယောက်ယောက်ကို မျက်စိမကျဘူးလား ...ဒီလောက်လှကြတာကို ..."

"နေစမ်းပါ ...ငါစိတ်တိုနေတာကို လာမဆွနဲ့နော် သင်းလဲ့နွေး ..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now