(P _ 28) Unicode

32.5K 3.5K 234
                                    

အခန်း (၂၈)


မနက်အိပ်ရာနိုးလာတော့ ခုတင်ပေါ်မှာ ဆေးတစ်ယောက်တည်း ကျန်ခဲ့သည်။ အနားမှာ မြတ်ဋီကာက မရှိတော့ပေ။ ဘယ်အချိန်တည်းက နိုးပြီး အပြင်ထွက်သွားသည်လဲ မသိ။ နာရီကို လှမ်းကြည့်လိုက်တော့ မနက်ဆယ်နာရီခန့်။ ဒီအချိန်ထိ ဆေးတစ်ယောက်တည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမိသည်။ ပုံမှန်ဆို မနက်စောစော နိုးထတတ်သူက ဒီအချိန်ထိ ဘာအပူအပင်မှ မရှိဘဲ အိပ်စက်နေခဲ့သည်။ မြတ်ဋီကာရဲ့ ရင်ခွင်က ထိုမျှအထိ နွေးထွေးပြီး လုံခြုံမှုကို ခံစားရစေသည် ထင်ရဲ့။

မျက်နှာသစ် အဝတ်အစားလဲပြီးတော့ ညက ထမင်းစားခဲ့သည့် စားပွဲပေါ်မှာ သူ့အတွက် မနက်စာ ပြင်ဆင်ပေးထားတာကို မြင်မိသည်။ ဋီကာကလွဲ၍ ဘယ်သူမှ မဖြစ်နိုင်ပေ။ သူထွက်မသွားခင် အားလုံးပြင်ဆင်ပေးသွားတာပဲ ဖြစ်မည်။ ပေါင်မုန့်ထောပတ်သုတ်နဲ့ နွားနို့တစ်ခွက်အပြင် အသီးအနှံတချို့လည်း ပြင်ဆင်ထားပေးသည်။ ဆေးက ထိုမနက်စာကို ထိုင်စားရင်း ပြုံးမိသွားရ၏။ သူလိုလူက သူများတွေ ဂရု‌စိုက်ပေးခြင်းကို မခံခဲ့ရဖူးတာတော့ မဟုတ်ပါ။ ဒါပေမဲ့ မြတ်ဋီကာ ဂရုတစိုက် လုပ်ကိုင်ပေးသမျှကျတော့ သူများတွေနဲ့ မတူစွာ ခံစားရသည်။ ရင်ထဲ တသိမ့်သိမ့် ကြည်နူးနေမိတာမျိုး။

"ဟဲလို ဋီကာ ..."

စားနေရင်းနဲ့ မြတ်ဋီကာဆီ သူဖုန်းလှမ်းဆက်လိုက်မိသည်။

"ကိုကို နိုးနေပြီလား ..."

"အင်း နိုးနေပြီ ...ဘာလို့ ငါ့ကို မနှိုးခဲ့ဘဲ ထွက်သွားတာလဲ အခုဆယ်နာရီတောင်ရှိနေပြီ ...ငါအဲ့လောက်ထိ မအိပ်ဖူးဘူး ..."

"ကိုကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ မနိှုးတော့ဘဲ ထားခဲ့တာပါ ..."

"ငါအလုပ် နောက်ကျသွားပြီ ..."

"အလုပ်ကို မသွားနဲ့တော့ ခွင့်တိုင်လိုက် ...ကိုကို မနေ့က ပင်ပန်းထားတာပဲ တစ်ရက်လောက်တော့ အနားယူလိုက်ပါလား ..."

"ဟင့်အင်း မဖြစ်ဘူးလေ ...အလုပ်တွေ ရှိသေးတယ်...ငါလည်း သိပ်မပင်ပန်းပါဘူး ...ကောင်းကောင်းအိပ်ပြီး အနားယူလိုက်ရလို့ ပိုတောင် နေလို့ကောင်းသွားတယ် ...နေ့လည်ခင်းကျရင် ဟိုတယ်ကို သွားမှာ ...အခု မနက်စာစားနေတယ် ...ပြီးရင် အိမ်ခဏပြန်ပြီး အဝတ်အစား ပြန်လဲမယ်..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now