( P _ 6 ) Unicode

37.3K 4.2K 701
                                    

အခန်း (၆)


ဒီနေ့က ဋီကာ့မေမေ ဒေါ်ရာစုပြည့်ရဲ့ အသက်၅၁နှစ်ပြည့် မွေးနေ့ဖြစ်သည်။ မိဘမဲ့ဂေဟာတွေနဲ့ ဘိုးဘွားရိပ်သာ အချို့မှာ မွေးနေ့အလှူအဖြစ် ငွေကြေးများစွာ လှူဒါန်းခဲ့သည်။ မွေးနေ့ပွဲရယ် ဆိုပြီးတော့ တသီးတသန့် အခမ်းအနား လုပ်လေ့မရှိတဲ့ ဒေါ်ရာစုပြည့်က အိမ်မှာပဲ ဘုန်းကြီးဆွမ်းကပ်မှာ ဖြစ်သည်။

ထို့ပြင် ‌အသိမိတ်ဆွေ အနည်းငယ်ကို ဖိတ်ပြီး ရွှေတောင်ခေါက်ဆွဲ ကျွေးမွေးမှာ ဖြစ်၏။ ဒါကတော့ ဒေါ်ရာစုပြည့်ရဲ့ နာမည်ကြီး လက်ရာတစ်ခုပါပဲ။ မွေးနေ့ဆိုပေမဲ့ မွေးနေ့လက်ဆောင် လက်မခံသော မွေးနေ့ပွဲ တစ်ခုလည်း ဖြစ်သည်။

မနက်အစောကြီး လေးနာရီ ငါးနာရီလောက်တွင် ရွှေတိဂုံဘုရားဖူးဖို့ ဒေါ်ရာစုပြည့်က စီစဉ်ထားသည်။ ဘုရားလိုက်ပို့ ပေးမည့်သူက မောင်ဖြစ်သူ ရာပြည့်ငြိမ်းပါပဲ။ မနေ့ထဲက လိုက်ပို့မည့် အစီအစဉ်တွင် မြတ်ဋီကာတို့ မပါဝင်သေးပေ။

အလုပ်ကို ညအတော်နက်သည်အထိ လုပ်နေခဲ့တာမို့ မနက်အစောကြီး ဘုရားတက်မယ့် အစီအစဉ်အား ဋီကာတို့ ငြင်းခဲ့တာ ဖြစ်သည်။ မနက်ဆို အစောကြီး အိပ်ရာထလေ့မရှိသော မြတ်ဋီကာ အကြောင်းသိနေတာမို့ အမေနဲ့ ဦးလေးကလည်း တကူးတက ခေါ်မနေတော့ပေ။

သို့ပေမဲ့ မနက်ကျတော့မှ မြတ်ဋီကာတို့ ထူးထူးခြားခြား အစောကြီး အိပ်ရာထလာသည်။ ဘုရားကို သူပါလိုက်မည်ဟု ပြောလာတော့၏။

"သားက လိုက်မလို့လား ..."

"အင်းလေ မေမေ့မွေးနေ့ပဲ ကျွန်တော်လည်း လိုက်ပို့သင့်တာပေါ့ ..."

"မင်း ညက အိပ်ရေးပျက်ထားတယ် မဟုတ်လား ...ဆက်အိပ်နေလိုက်တာ မဟုတ်ဘူး ...ငါပဲ မမကို ဘုရားလိုက်ပို့ပေးလည်း ဖြစ်တာပဲ ..."

"ဘုရားကနေ ပြန်လာမှ ပြန်အိပ်လည်း ဖြစ်တာပဲလေ ...အကျွေးအမွေးက နေ့လည်လောက်မှ စမှာပဲ ...ကြားထဲမှာ ကျွန်တော် အိပ်ချိန်ရပါသေးတယ် ..."

ဋီကာ့ရဲ့ စကားကို အမေနဲ့ဦးလေးက နားတော့ထောင်နေကြသည်။ ဒါပေမဲ့ သူတို့မောင်နှမ နှစ်ယောက်ရဲ့ မျက်နှာအမူအရာတွေက အနည်းငယ်တော့ တစ်မျိုးဖြစ်နေသလိုပင်။ သူ့ကိုမလိုက်စေချင်သလိုလို ပုံစံတွေ တွေ့နေရသည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now