(P _ 31) Unicode

34.2K 3.7K 130
                                    

အခန်း (၃၁)



"မင်း အခုချက်ချင်း အိမ်ကို ပြန်လာခဲ့စမ်း မြတ်ဋီကာ ..."

ဘန်ကောက်ကနေ ပြန်ရောက်လာပြီဖြစ်တဲ့ အန်ကယ်လေးက ညနေအ‌စောပိုင်းမှာ သူ့ကို ဖုန်းခေါ်လာခဲ့သည်။ သူအလုပ်ကနေ အိမ်ကိုတန်းပြန်သွားလိုက်၏။ အန်ကယ်လေးဆီကနေ ပြန်ကြားရမဲ့ ကိုကို့ရဲ့ အကြောင်းပြချက်ကို သူလည်း သိချင်နေမိသည်။ အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ မေမေက ထိုင်နေပြီး မျက်နှာတည်‌ေနသည်။ သူကိုကြည့်နေတဲ့ ပုံစံက စိတ်တိုနေသလိုမျိုး။ အန်ကယ်လေးရဲ့ အမူအရာကတော့ ပို၍ ဆိုးနေသေးသည်။ ဒေါသမျက်နှာနဲ့အတူ သူပြန်အလာကို မတ်တပ်ရပ်ပြီး စောင့်နေပုံရသည်။ ထိုင်ပြီး စောင့်မနေနိုင်‌ ရလောက်အောင် စိတ်လောနေပုံလည်း ပေါ်၏။

ဧည့်ခန်းထဲ သူဝင်သွားတော့ အန်ကယ်လေးက သူ့အနားကို ခပ်မြန်မြန် ချဉ်းကပ်လာသည်။ အရှိန်ပြင်းသော လက်သီးချက် တစ်ခုက သူ့မျက်နှာပေါ်မှာ ပူခနဲ ကျရောက်လာခဲ့တော့သည်။ အထိုးခံလိုက်ရတဲ့ အရှိန်နဲ့ အောက်ကြမ်းပြင်မှာ ထိုင်လျက်သား ပစ်လဲကျသွားခဲ့ရသည်။ တစ်သက်နဲ့ တစ်ကိုယ် လက်ဖျားနဲ့ပင် မရိုက်နှက်ခဲ့ဖူးသော ဦးလေးဖြစ်သူရဲ့ လက်သီးချက်ကြောင့် ဋီကာ ကြောင်သွားမိ၏။ နာကျင်သွားသော မေးရိုးတစ်ဖက်ကို ယောင်ရမ်းကိုင်လိုက်မိပြီး မော့ကြည့်လိုက်သည်။ ထိုင်နေတဲ့ မေမေကလည်း ဘာမှ ဝင်မပြောဘဲ မျက်နှာလွှဲနေသည်။

"ကျွန်တော့်ကို ဘာလို့ ထိုးတာလဲ အန်ကယ်လေး ..."

မြတ်ဋီကာက ချက်ချင်း ပြန်ထရပ်လိုက်ပြီး ခပ်ဆတ်ဆတ် ပြန်အော်လိုက်မိသည်။

"မင်းလိုကောင်က အထိုးခံရသင့်လို့လေ ..."

ဋီကာ့ အင်္ကျီရင်ဘတ်စတွေကို ဆွဲဆုပ်ကိုင်လိုက်ရင်း ဦးရာပြည့်ငြိမ်းက ဒေါသသံ အံကြိတ်သံတွေနဲ့ ပြောနေသည်။

"ငါမင်းကို ဒီ့ထက်ပိုပြီးတော့ ဆုံးမချင်သေးတာ ..."

ပြောရင်းနဲ့ အစ်မဖြစ်သူ မျက်နှာကို တစ်ချက် ငဲ့ကြည့်လိုက်သေးသည်။ အမေဖြစ်သူရှေ့မှာ သားတစ်ယောက်လုံးကို အကြိမ်များစွာ ထိုးကြိတ်နေတာမျိုး မလုပ်ချင်တာမို့ ဦးရာပြည့်ငြိမ်းလည်း စိတ်ထိန်းလိုက်ရ၏။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now