(P _ 26) Unicode

32.1K 3.5K 243
                                    

အခန်း (၂၆)

ကမ်းခြေဘက်မှာ လမ်းလျှောက်ပြီး မှောင်လာတော့ ဦးရာနဲ့ဆေးတို့ ပြန်လာခဲ့ကြသည်။ အခန်းကို အရင်မပြန်ဖြစ်ကြဘဲ ရုံးခန်းကို နှစ်ယောက်သား သွားဖြစ်သည်။ မနက်ဖြန်ညဆို သူတို့ရန်ကုန်ကို ပြန်ကြတော့မှာပါ။ ဒါကြောင့် လက်စသတ်စရာ အလုပ်တွေကို ပြန်စစ်ကြသည်။ ခွဲဝေထားတဲ့ တာဝန်တွေကို ပြန်စိစစ်ကြသည်။ အားလုံးပြီးတော့ ညရှစ်နာရီထိုးနေလေပြီ။

အလုပ်တွေ ပြီးတော့ ဦးရာကို နှုတ်ဆက်ကာ ဆေးတစ်ယောက်တည်း သူ့အခန်းရှိရာကို ပြန်လာ‌ခဲ့သည်။ ဆေးရဲ့ ဘန်ဂလိုအခန်းရှေ့မှာ မြတ်ဋီကာတစ်ယောက်တည်း ထိုင်နေတာ မြင်လိုက်ရသည်။ ခုံတန်းတစ်ခုပေါ်မှာ ထိုင်နေတဲ့ မြတ်ဋီကာပုံစံက ခြေတံရှည် ဒူးနှစ်ဖက်ပေါ်ကို လက်တံတောင်ဆစ်တွေ ထောက်တင်ထားပြီး ခေါင်းက အောက်ကို ငုံ့ထားသည်။

"ဋီကာ ဒီမှာ ဘာလုပ်နေတာလဲ ...."

ဆေးအသံကို ကြားတော့ ဋီကာ မျက်နှာမော့လာသည်။ အကြည့်တွေက တည်ငြိမ်လွန်းနေသည်။ မျက်နှာအမူအရာကလည်း ထိုနည်းလည်းကောင်း။

"ကိုကို့ကို စောင့်နေတာလေ ..."

"ဪ ..."

ဆေးက ဘာမှမဖြစ်သလိုမျိုး ပေါ့ပေါ့ပါးပါး ပြောလိုက်ရင်း အခန်းတံခါးကို သွားဖွင့်လိုက်သည်။ ဖွင့်နေရင်းနဲ့ ဆေးက ဋီကာ့ကို မကြည့်ဘဲ ပြောသည်။

"မင်းပျင်းနေလို့ စကားပြောမလို့လား ...အဲဒါဆိုရင်လည်း အခန်းပြန်ပြီး အိပ်လိုက်တော့ ငါပင်ပန်းနေလို့ စကားထိုင်မပြောချင်ဘူး ဒီည ...ခဏနေရင် အိပ်တော့မှာ ..."

ဋီကာက ညဘက်တွေဆို မအိပ်ခင် ညအစောပိုင်းမှာ သူ့ဆီလာပြီး စကားပြောတတ်သည်။ တစ်ခါတလေ ဆေး အလုပ်များလို့ ပင်ပန်းရင်တော့ မပြောဖြစ်ကြပေ။

"ပင်ပန်းရအောင် ဘာတွေလုပ်နေရလို့လဲ ..."

အသံက ဆေးရဲ့ အနောက်နားကနေ ကပ်ပြီးထွက်လာသည်။ ဋီကာက သူ့အနောက်မှာ လာကပ်ရပ်နေပါ၏။ လှည့်မကြည့်ဘဲ တံခါးကို တွန်းဖွင့်၍ ဆေးက အခန်းထဲဝင်သွားပြီး ...

"အလုပ် လုပ်နေရလို့ပေါ့ကွ ..."

ဋီကာလည်း သူ့အခန်းထဲကို အနောက်ကနေ လိုက်ဝင်လာပြီး တံခါးကို လော့ချလိုက်သည်။ ဒါကို ဆေးက သတိမထားမိပေ။ ညအိပ်ဝတ်ဖို့ ပေါ့ပေါ့ပါးပါး စပို့ရှပ်ကို လဲလှယ်ရန် အခုဝတ်ထားတဲ့ ကြယ်သီးတပ် ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်နေမိသည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now