(P_17) Unicode

30.2K 3.7K 287
                                    

အခန်း (၁၇)



ညနေစောင်း အိမ်ပြန်ရောက်လာကြတော့ ဧည့်သည်တွေအတွက် အခန်းက ခွဲထားပြီးသား ဖြစ်နေသည်။ ဒီအိမ်က နှစ်ထပ်တိုက်ဖြစ်တာမို့ အခန်းတွေတော့များသည်။ ဒါပေမဲ့လည်း အိမ်မှာက အိမ်သားများတာမို့ အခန်းအစေ့ လူအစေ့။

ဒီကြားထဲ သင်းလဲ့အေးတို့ လင်မယားကလည်း မင်္ဂလာ မဆောင်ခင်ညမှာ မိဘအိမ် လာအိပ်ကြလေသည်။ ဧည့်သည်ခန်းက အခန်းပို နှစ်ခန်းသာ ရှိသည်။ ဧည့်သည်တွေဖြစ်တဲ့ ဒေါ်ရာစုပြည့်တို့ကပဲ ငါးယောက်ဖြစ်နေပါပြီ။

ဒေါ်ရာစုပြည့်နဲ့ ဒေါ်လုံးလုံးတို့က ဧည့်သည်ခန်း တစ်ခန်းယူလိုက်တော့ နောက်ထပ် တစ်ခန်းပဲ ကျန်တော့သည်။

"ငြိမ်းက သင်းမောင်မောင် အခန်းမှာ အိပ် ...ကိုဆေးနဲ့ ဋီကာက အတူအိပ်လိုက် ..."

ဒေါ်ရာစုပြည့် စကားကြောင့် မောင်ဖြစ်သူ အကြည့်က အစ်မထံသို့။
ဋီကာနဲ့ ဆေးလည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။
ဒါပေမဲ့လည်း ဘယ်သူမှ အထွန့်မတက်ရဲကြပေ။

ခဏတစ်ဖြုတ် နှစ်ညလောက်ပဲ ဖြစ်၍ ဆေးလည်း ဘာမှပြောမနေတော့။ သူများဆီ အလည်လာတဲ့ နေရာမှာ လူကြီးတွေ ထားသော နေရာတွင် သူနေရမှာပါပဲ။ လက်ထပ်ဖို့ ရည်ရွယ်နေတဲ့ သူတစ်ယောက်နဲ့ အိပ်ရမှာထက် စာရင်တော့ ဋီကာနဲ့ အိပ်တာက ပိုအဆင်ပြေပါသည်။
နည်းနည်း အနေရခက်သည်က လွဲရင်ပေါ့။

ဋီကာကလည်း မကျေမနပ် ဆန့်ကျင်ခြင်းမရှိ။ ကိုဆေး ငြိမ်နေတာမို့ ကိုဆေး လက်ခံရင် သူကလည်းဖြစ်သည်။ အခန်းခွဲပေးပြီးတော့ ဋီကာနဲ့ ဆေးတို့က ‌ရေမိုးချိုးရန် အခန်းထဲ ဝင်သွားကြသည်။ ဘယ်သူမှ မရှိတော့မှ ရာပြည့်ငြိမ်းက အစ်မဖြစ်သူကို ပြော‌ေတာ့၏။

"သင်းမောင်မောင်နဲ့ ဋီကာ့ကို အိပ်ခိုင်းလိုက်လေ ..."

"ဟဲ့ နင်နဲ့ကိုဆေးက တစ်ခန်းအိပ်လို့ ဖြစ်မလား ...ကိုဆေးအတွက် ထည့်စဉ်းစားဦးလေ ...ဒီအိမ်က လူတွေ မသိပေမဲ့ ငါသိနေတဲ့ဟာကို နင်တို့ဆက်ဆံရေးကို... မိန်းကလေးမှ မဟုတ်ဘူး ...ယောက်ျားလေးချင်းလည်း လက်မထပ်ခင် အတူမအိပ်ရဘူး ...ဒီလူကို သဘောကျနေပါတယ်ဆိုမှ ဒီလူနဲ့ အတူအိပ်မှတော့ အထိအတွေ့မှာ မသာယာဘဲနေမလား ...မဖြစ်သင့်သေးတာကို ရှောင်ပေးမှရမှာပေါ့ ...နင်သူနဲ့ အိပ်ချင်ရင် ဟိုက ခေါင်းညိတ်လာအောင် အရင်လုပ်လိုက်ဦး..."

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now