Extra_4 (Unicode)

46.4K 3.2K 537
                                    

(A/N _ အောက်ပါ အကြောင်းအရာများမှ တချို့အခန်းများအတွက် Warning အနည်းငယ် ပေးထားပါသည်။ သို့သော် အရမ်းမပြင်းထန်သော အသုံးအနှုန်း အရေးအသားများသာ ဖြစ်လိမ့်မည်။ ဆက်ဖတ်ရန် သင့်မသင့် မိမိအသက်နှင့် ဆင်ခြင်ဉာဏ်အား ခွဲခြမ်းစိတ်ဖြာပါလေ 🌚)

/
/
/

ဒီနေ့က မြတ်ဋီကာရဲ့ အသက်၂၄နှစ်ပြည့် မွေးနေ့ဖြစ်သည်။ မနက်အစောကြီး ဋီကာတို့ တစ်အိမ်သားလုံးနဲ့ ဆေးတို့ ရွှေတိဂုံဘုရား တက်ဖူးခဲ့ကြသည်။ ညပိုင်းကျတော့ တော်ဝင်မြန်မာမှာ ခန်းမတစ်ခုယူပြီး မွေးနေ့ဒင်နာပွဲ လုပ်ဖြစ်သည်။ မြတ်ဋီကာတို့ အသိုင်းအဝိုင်းက အသိမိတ်ဆွေ အနည်းငယ်ရယ် အရင်းနှီးဆုံး အသိတွေရယ်လောက်သာ ဖိတ်ပြီးလုပ်သည်။

ခန်းမထဲက တချို့မိတ်ဆွေတွေကို လိုက်ဧည့်ခံရင်း မြတ်ဋီကာက ကိုဆေး လက်ကို ဆွဲကိုင်ထားလေသည်။ လက်ဖဝါးချင်း ထွေးဆုပ်ကိုင်ထားပုံက မြင်ရသူတိုင်းကို ဒါကျွန်တော့်လူပါလို့ ကြောငြာနေသလိုပင်။ ဘယ်သူမှ ထိထိမိမိ ဒဲ့ကြီး ထုတ်မမေးကြသော်လည်း ဒီအခြေအနေလောက်ကို ကြည့်ရုံနဲ့တင် လူတိုင်း သဘောပေါက်နိုင်ပါ၏။ မြတ်ဋီကာတစ်ယောက် မွေးနေ့လုပ်ပြီး လူသိရှင်ကြား ချစ်သူကို ပွဲထုတ်နေသလို ဖြစ်နေသည်။

ဒေါ်ရာစုပြည့်နဲ့ ဦးရာပြည့်ငြိမ်းလည်း ဘာမှ ဝင်မစွက်ဖက်။ မြတ်ဋီကာကလည်း လုပ်ချင်ရာ လုပ်လေသည်။ ဆေးကတော့ မျက်နှာမထားတတ်သလို ဖြစ်နေရ၏။ ရဲတက်နေတဲ့ မျက်နှာလေးနဲ့ပဲ ဧည့်သည်တွေကို ပြုံးပြနေရသည်။

သူတို့နှစ်ယောက်ကို နှစ်ဖက်အမေတွေကလည်း ငေးကြည့်ပြီး ပြုံးနေကြ၏။ ခန်းမထဲက စားပွဲတစ်လုံးမှာ ဒေါ်ရာစုပြည့်နဲ့ ဒေါ်သဲသဲသူတို့ နှစ်ယောက် ထိုင်နေကြသည်။ သူတို့အပြင် အကြည်လေးပါရှိနေ၏။ မြတ်ဋီကာက အစ်ကိုဖြစ်သူရဲ့ ချစ်သူဖြစ်ကြောင်း အကြည်လေးကိုလည်း နားလည်စေဖို့ ကိုဆေးကပဲ အချိန်ယူ၍ ရှင်းပြခဲ့ရ‌ေသးသည်။ ကလေးသိပ်မချစ်တတ်တဲ့ မြတ်ဋီကာက အကြည်လေးနဲ့တော့ မဖြစ်မနေ တည့်အောင် ပေါင်းနိုင်ပါ၏။ ရံဖန်ရံခါ ကိုဆေးတို့ အိမ်ကို လာလည်တတ်ပြီး ဒေါ်သဲသဲသူနဲ့လည်း အဆင်ပြေစွာ ရင်းနှီးမှု ယူနိုင်သည်။ မြတ်ဋီကာလိုလူက သူအလိုရှိရင် ဘာမဆို ကောင်းကောင်း လုပ်နိုင်နေသော သူပင်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now