(P_24) Unicode

33.1K 3.9K 295
                                    

အခန်း (၂၄)


မြတ်ဋီကာတစ်ယောက် တစ်မနက်လုံး အိပ်နေမိတာမို့ နေ့လည်စာလည်း လွတ်သွားရသည်။ ညနေမှ နိုးလာတော့ ရေမိုးချိုးပြီး ကမ်းခြေဘက် လမ်းလျှောက်ကာ လျောက်ကြည့်မိသည်။ ကိုဆေးရော အန်‌ကယ်လေးရောက အလုပ်မအားကြ။ သူကသာ ဒီမှာ ဘာမှလုပ်စရာ မရှိတဲ့သူ ဖြစ်နေသည်။

ညနေခြောက်နာရီကျော်ကျော်။ resort ထဲက စားသောက်ခန်းမှာ ဋီကာအပါအဝင် ကိုဆေးရော အန်ကယ်လေးပါ အတူတူ ညစာ စားဖြစ်ကြသည်။ ပင်လယ်နဲ့ ရခိုင်ရိုးမကြားမှာ ရှိနေတဲ့ ဂေါ်ရန်ဂျီကျွန်းတွင် ရိုးမက တောစာတောင်စာတွေလည်း ရနိုင်သည်။ အစားအသောက် မရှောင်တတ်သူတွေ အတွက်ကတော့ တောကောင်သားတွေ စားချင်ရင်လည်း ဖြစ်သည်။ ဒါပေမဲ့ သုံးယောက်လုံးက မစားချင်တာမို့ ပင်လယ်စာပဲ စားဖြစ်ကြသည်။

ပင်လယ်ရောက်မှတော့ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်လေးတွေကသာ အကောင်းဆုံးပင် မဟုတ်လား။ ဒီက ဒေသချက် လက်ရာတွေက ရခိုင်ချက်လို့ ပြောရမလား တောချက်လို့ ပြောရမလားပင်။ ဆီနည်းနည်း၊ မျှင်ငပိစစ်စစ်နဲ့ ငရုပ်သီးကို များများသုံးထားသည်။
ဒါပေမဲ့ စားရတာ ခံတွင်းတွေ့ပြီး စား‌လို့ကောင်းပါ၏။

"ကိုကို ရော့ ဒါလေး စား ..."

ဆေးရဲ့ ပန်းကန်ထဲကို အခွံနွှာထားပေးတဲ့ ပုစွန်‌တွေ ထည့်ပေးနေသော မြတ်ဋီကာ။ ဒီမြင်ကွင်းကို ကြည့်ရင်း ဦးရာပြည့်ငြိမ်း အံ့ဩနေမိသည်။ ထမင်းစားနေတဲ့ တစ်ချိန်လုံးမှာ ပုစွန် ဂဏန်းတွေ အခွံနွှာပြီး ဆေးအတွက်သာ ရည်ရွယ်ပြီး ထည့်ပေးနေသော သူ့တူလေး။ အိမ်မှာဆိုရင် သူများလုပ်ပေးတာသာ အဆင်သင့် စားတတ်သော မြတ်ဋီကာပါ။
ဒါကြောင့် ဆေးအတွက် ဂရုစိုက်ပေးနေတာတွေကို အံ့ဩနေမိတာတော့ အမှန်ပင်။

"ဋီကာ မင်း ဘယ်နေ့ပြန်မှာလဲ ..."

ထမင်းစားနေရင်းနဲ့ ဦးလေးဖြစ်သူ လှမ်းမေးလိုက်တော့ ဋီကာက မော့မကြည့်ဘဲ ပြန်ဖြေသည်။

"အန်ကယ်လေးတို့ ပြန်မှ အတူပြန်မှာ ..."

"ဘာပြောတယ် ..."

ဋီကာ့စကားကြောင့် ဆေး‌နဲ့ ရာပြည့်ငြိမ်း အကြည့်က သူ့ထံရောက်သွားကြသည်။

အချစ်တွေနဲ့ ဧည့်ခံလှည့်ပါWhere stories live. Discover now