Part 38

2.4K 103 0
                                    

Uni

ခွန်းတို့လှည်းက အတော်ကိုပင် ခရီးရောက်နေပြီ။
ဦးကြီးတို့ကတော့ ရောက်ဖို့ သိပ်မလိုတော့ဘူးတဲ့။

လှည်းစီးရတာလည်း ထင်သလောက်မလွယ်ကူ။
ခြေထောက်က အကြာကြီး တွဲလောင်းချထားရတာဖြစ်လို့ ညောင်းလှသည်။

လမ်းခရီး မညီရင်လည်း လှည်းက တစ်ချက်တစ်ချက် ဆောင့်သေးသည်။
တစ်ခါ တစ်ရံ ခွန်း ကိုယ့်ကိုကိုယ် မထိန်းနိုင်။
ဘေးကလူက ကိုင်ထားပေးလို့သာ ပြုတ်မကျတယ်။

ခွန်းတို့ အိမ်တစ်အိမ်ရှေ့တွင် ရပ်လိုက်သည်။
အချိန်မှာလည်း ညနေတောင် အတော်စောင်းနေပြီ။

ခြေတံရှည် ပျဉ်တောင်အိမ်လေး ဖြစ်သည်။
ရေနံချေးလည်း သုတ်ထားသည့်အတွက် အတန်အသင့်ခိုင်ခံ့ပြီး သပ်ရပ်ပုံပေါ်သည်။

အရှိကြီး မဟုတ်ရင်တောင် ဦးကြီး သမီးက ဒီရွာမှာ အတန်အသင့်ရှိသူ ဖြစ်ရမည်။
ရွာဓလေ့ အတိုင်းပင် တစ်အိမ်ကို ဧည့်သည်လာတော့ ကျန်သူများကပါ ဝိုင်းဝန်းကြည့်ကြသည်။

အမျိုးသမီးတွေ ကလေးတွေ ကာလသားတွေ ရောက်လာသည်။
ဦးကြီးကတော့ အကုန်လုံးနှင့်လိုက်ပြီး ဆွေမျိုးစပ်နေသည်။
ရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင်ပင်။

ဒီလိုကျတော့လည်း တစ်ယောက်တည်း နေတာထက် အများကြီး ပိုကောင်းသည်ဟုထင်သည်။

ဦးကြီး သမီးက ခွန်းတို့ကို ဖော်ဖော်ရွေရွေပင် ဆက်ဆံသည်။
သူ့နှင့် သူအမျိုးသား သူတို့မှာ ကလေးနှစ်ယောက်လည်း ရှိသည်။
ယောက်ျားလေးတစ်ယောက် မိန်းကလေး တစ်ယောက် ချစ်စရာလေးတွေပင်။

အကြီးလေးက ဆယ်နှစ်ကျော်လောက်ရှိပြီ။
အငယ်လေးကတော့ ဆယ်နှစ်မပြည့်လောက်သေး။
ဦးကြီး ပြောတာတော့ သူ့သားသမီးတွေထဲမှာ ဒီသမီးက အငယ်ဆုံးတဲ့။

"တက်ကြ တက်ကြ လူလေးတက် လုံမတက်"

"တက် ညီမလေး လာ"

ခွန်းတို့ အိမ်ပေါ်သို့ တက်လာကြပါသည်။
အရှေ့မှာ ဘုရားစင်နှင့် အနောက်မှာ အခန်းတချို့ ရှိပုံပေါ်သည်။
အိမ်လေးက သူ့ဟာနှင့်သူတော့ သပ်ရပ်သည်။

You had me at helloWhere stories live. Discover now