Chapter 2

12K 1.3K 312
                                    

လွန်ခဲ့သော 13နှစ် (2007)

" ခွေး ခွေး. .ခွေးလိုက်ဆွဲနေလို့ ကယ်ကြပါဦး "

ဒီည ကောနဲ့ရန်ဖြစ်ထားလို့ စိတ်တိုပြီး သစ်ပင်ပေါ် လာတက်အိပ်နေပါတယ်ဆိုကာမှ ဝုန်းဝုန်း ဝုန်းဝုန်း ပြေးလွှားသံနဲ့ စူးစူးဝါးဝါး အော်ဟစ်နေသံကြောင့် မျက်လုံးဖွင့်လိုက်ပြီး သစ်ပင်အောက်သို့ မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်လိုက်မိတယ်။

ဝုတ် ဝုတ်

အားးးးး
" မားရေ. .သားကို ခွေးကိုက်လို့ သေတော့မယ် "

အဆိုတော်ဖြစ်ဖို့ မွေးဖွားလာသလား ထင်ရအောင် အာပြဲလန်စွာ အော်ဟစ်ငိုယိုသံကြောင့် သူ့ကို ကိုက်မယ့် ခွေးတောင် ကြောင်ပြီး ရပ်ကြည့်နေရှာသည်။

ပြေးရင်းလွှားရင်း ထိုကောင်လေး ခြေခေါက်လဲကျသွားတာကြောင့် အခုလို အပင်အောက်မှာ ကမ္ဘာပျက်မတတ် မားမားတမ်းချင်း တနေခြင်းပင်။

ထိုစဉ် ခွေးက လှမ်းဟပ်ဖို့ လုပ်လာပြန်တာကြောင့် သူ ဝုန်းခနဲ ထရပ်ကာ သစ်ပင်‌ပေါ်ကို ကုပ်ကပ်ပြီး တွယ်တက်ဖို့ ကြိုးစားနေသော်လည်း သူ့လက်သေးသေးလေးတွေက ပင်စည်လုံးပတ်အကြီးကြီးကို အပြည့်အဝ မဖက်တွယ်နိုင်တဲ့အတွက် အပင်ပေါ်ကနေ လျှောပြီး အုံးခနဲ ဖင်ထိုင်ရက် ပြုတ်ကျသွားတာမို့ ကျူကျူပါအောင် ငိုလိုက်သံက ‌တောနက်ကြီး တစ်ခုလုံးကို ကြီးစိုးသွားပြန်လေသည်။

စိတ်တိုနေပါတယ်ဆိုမှ ဒီကောင်‌လေးက နားငြီးအောင်‌ လာလုပ်နေတယ်။ နောက်ဆုံး နားပူမခံနိုင်လွန်းတော့တာမို့ အဆောင်အဖြစ် ထည့်ယူလာတဲ့ လေးခွကို ထုတ်ပြီး သစ်ပင်အောက်က ခွေးကို ပစ်ထည့်လိုက်တာမို့ တအိန်အိန် တဂိန်ဂိန်နဲ့ ထို‌ခွေးစုတ် အလန့်တကြား ထွက်ပြေးသွားပြီ။

အခုမှပဲ တောအုပ်ကြီးက ပြန်လည်တိတ်ဆိတ်သွားကာ ရှိုက်သံသဲ့သဲ့၊ မျက်ရည်စမ်းစမ်းနဲ့ ကျွန်တော်ရှိရာ အပင်ပေါ်သို့ ဖျတ်ခနဲ မော့ကြည့်လာတဲ့ ဖန်ဂေါ်လီလို သူ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို ထိုအချိန်ကတော့ အရမ်းလှတဲ့ မျက်လုံးလေးတွေလို့ သတ်မှတ်ခဲ့မိသလို၊ သူ့မျက်လုံးတွေကို ဖောက်ထုတ်ပြီး ဂေါ်လီရိုက်တိုင်း ကစားရရင် မိုက်မှာပဲလို့လဲ တွေးခဲ့မိဖူးတယ်။

Destiny drew us Together [Completed] Where stories live. Discover now