[13]

466 22 4
                                    

                             [Unicode]

စိုရွှဲနေသောခံစားချက်နှင့် ခိုက်ခိုက်တုန်အောင်အေးသော အအေးဓာတ်ကိုခံစားရင်း ကိုးလ်နိုးထလာခဲ့သည်။ နေထွက်နေပြီဖြစ်သော်လည်း သူ၏အိမ်ကိုတော့ အလင်းရောင်မကျရောက်သေးပေ။ နှုတ်ခမ်းသားနှင့် မျက်နှာတို့က စက္ကူဖြူနှယ်ဖျော့တော့နေခဲ့ပြီး မျက်ဝန်းတို့မှာလည်း အားအင်ချည့်နဲ့လွန်းလှသည်။ မနေ့ညကအိမ်ပြန်ရောက်ချိန်တွင် သူဟာဒီတိုင်း အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် သတိလစ်သွားခဲ့သည်က ပိုမှန်ပေလိမ့်မည်။

တစ်ညလုံးရေစိုအဝတ်နှင့် အိပ်စက်ခဲ့သည့်အပြင် ပိတ်ပင်ထားခြင်းမရှိသည့် တံခါးပေါက်တို့ကြောင့် ‌လေကြမ်းများ ဝင်ရောက်နှောက်ယှက်သည်ကိုလည်း အသိစိတ်ကင်းမဲ့နေသည့်အတွက် သူဟာသတိမထားမိခဲ့ပေ။ အကျိုးဆက်အနေဖြင့် သူ၏ခန္ဓာကိုယ်က အဖျားလက္ခဏာကိုပြနေရင်း အလုပ်မသွားရန် သတိပေးလျက်ရှိသည်။ သို့သော် ယခင်ရက်များတုန်းကလည်း သူဟာအကြောင်းပြချက်မရှိဘဲ သုံးရက်ဆက်တိုက်ပျက်ခဲ့ပြီးပြီမဟုတ်ပါလား။ အခြေခံလူတန်းစားဖြစ်သည့် ကိုးလ်အတွက် ၎င်းကိုလျစ်လျူရှု၍ မနေနိုင်ပါချေ။ ပြဒါးရံကို အကျိုးအကြောင်းရှင်းပြသင့်သည်ဟု ယူဆလျက်သူဟာ ချက်ချင်းပင်အလုပ်သွားရန်ပြင်တော့သည်။

လေတိုက်လျှင်တောင် လဲသွားနိုင်သည့်အသွင်ဖြင့် ကိုးလ်ဟာ KKသို့ရောက်ရှိလာခဲ့သည်။ ဦးစွာပြဒါးရံရုံးခန်းသို့သွားရောက်ခဲ့ပြီး ထိုသူ့ကိုရှာခဲ့သည်။ သို့သော်ပြဒါးရံကရှိမနေခဲ့ပေ။ အတွင်းရေးမှူးဖြစ်သူ ယွန်းဟေမီအား အကြောင်းသင့်ရှင်းပြပြီးခါမှ  ခွင့်ထပ်မံယူလိုက်ပြီးနောက် ကိုးလ်ပြန်လာခဲ့သည်။ အမှန်တိုင်းဝန်ခံရလျှင် နေမကောင်းဖြစ်နေသည့် ခံစားချက်ထက်  ဖုန်းနံပါတ်တစ်ခုပါသည့် စာရွက်လေးပြဲသွားသည့် ခံစားချက်က ကိုးလ်ကိုပိုလို့စိုးမိုးနေသည်။ စိတ်ရင်းမှန်နှင့် ကျေးဇူးစကားပြောချင်သော်လည်း စိတ်ညှိုးငယ်စွာ မဖြစ်နိုင်တော့ပေ။

မဟူရာထက်နက်သော အနက်ရောင်ကိုဆင်မြန်းလျက် အများနှင့်မတူ ထူးခြားကွဲလွဲနေသောအသွင်နှင့် ပြဒါးရံမှာ အလုပ်ပိနေကာရုံးခန်းအတွင်းမှ ထွက်မရဖြစ်နေခဲ့ကာ ယနေ့တစ်ရက်ကိုတော့ ချွင်းချက်ပြုလျက် မည်သူမှမသိခင် ကော်ဖီဆိုင်ကို အရောက်လှမ်းလာခဲ့ပြီး CEO လောင်းဘဝကို ခေတ္တမေ့ပျောက်ထားလေသည်။ ပြီးပြည့်စုံသည့် သဏ္ဌာန်နှင့်သူ့အား အချို့တလေက ငေးမောစူးစမ်းလျက်ရှိပြီး အချို့ကတော့ ဓာတ်ပုံခိုးရိုက်သည်အထိ ဖြစ်နေကြသည်။ ဆိုင်မှာ လူရှုတ်လှသည်မဟုတ်သော်လည်း အရမ်းအရှင်းကြီးလည်းမဟုတ်ပေ။

Hate Poem Written With Love࿐Where stories live. Discover now