[47]

326 19 3
                                    

[Unicode]

ဆေးနံ့များမွှန်ထူနေသော နေရာတိုင်းကို တိမ်ယံဆင့် အလွန်မုန်းတီးလေ့ရှိသော်လည်း ယခုမှာ ပြဒါးရံရှိနေသည့်နေရာတစ်ခုမို့ သူ့မှာမညည်းညူရဲပါချေ။ ဆရာဝန်စောင့်ခိုင်းထားသည့် စောင့်ကြည့်ကာလမှာလည်း မကြာခင်ပြည့်တော့မည်ဖြစ်ကာ ပြဒါးရံမှာ အခုထိနိုးမလာခဲ့သေးပါချေ။ ဆေးရုံကုတင်ပေါ်တွင် ရှိမြဲအတိုင်းအ‌နေအထားဖြင့် အသက်မဲ့စွာ လဲလျောင်းနေဆဲပင်ဖြစ်သည်။ထိုအကြောင်းအရာက ညစဥ်တိုင်းတွင် အိပ်မရ‌အောင် စွမ်းဆောင်နိုင်ပြီး လူကို အနှောက်အယှက်ပေးသည့်နေရာ၌လည်း အလွန်ကျွမ်းကျင်လေသည်။ ဆင့်အတွက်တော့ ကုတင်ဘေးတွင်ထိုင်နေသော ယွန်းဟေမီကို ကြည့်လိုက်ရင်း ဒီနေ့ရက်တွေမှာ သူမအရမ်းပင်ပန်းနေခဲ့သည်ကို ညိုမဲနေသော မျက်ကွင်းများနှင့် ပိန်ပါးသွား‌သော ခန္ဓာကိုယ်ကို ကြည့်ရုံဖြင့် သိသာလှလေသည်။

" ဆင့် ရောက်လာပြီလား "

" အခြေအနေဘယ်လိုရှိလဲ "

" ဘာမှထူးမလာဘူး "

" မမဟေမီ အိမ်ပြန်ပြီး အနားယူလိုက်ပါ ကျွန်တော်ဆက်ကြည့်ထားလိုက်မယ် "

ယွန်းဟေမီက ဆင့်စကားကို နာခံမှုအပြည့်ဖြင့် လိုက်နာကာ ဘာမှအထွန့်တက်မနေတော့ဘဲ သိမ်းဆည်းစရာရှိတာ သိမ်းဆည်းပြီး အခန်းထဲမှထွက်သွားလေသည်။ ယွန်း‌ဟေမီထိုင်ခဲ့သော ထိုင်ခုံပေါ််ဝင်ထိုင်လိုက်ရင်း တိမ်ယံဆင့်၏ အတွေးများမှာ သမုဒ္ဒရာအောက်ခြေက ကျောက်ခဲလေးတစ်ခုလို အနက်ရှိုင်းဆုံးနေရာထိ ရောက်ရှိနေခဲ့သည်။

" ရံ.... ဒီနေ့ကော ဘယ်လိုနေလဲ.... နေရတာ အဆင်ပြေရဲ့လား။ ကျွန်တော် ဒီနေ့ ရံနဲ့ သွားနေကြဆိုင်ကနေ မုန့်တွေဝယ်လာခဲ့တယ်။ ပြောမရဘူး ရံအခုနေများ နိုးလာရင် ဗိုက်ဆာနေနိုင်တာပဲလေ။ ဒါနဲ့ အဲ့ဆိုင်ကလေ အရင်အတိုင်းပဲ နည်းနည်းလေးမှ မပြောင်းလဲဘူးသိလား "

ဆင့်က အတောက်ပဆုံးပြုံးလိုက်ကာ အညင်သာဆုံးနည်းဖြင့် ပြဒါးရံ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ လက်ကောက်ဝတ်တွင် ရှိနေသော ဆေးသွင်းပိုက်များမှာ နှလုံးသွေးပျက်စရာ ကောင်းလွန်းသောကြောင့် သူဟာ မမြင်ချင်ယောင်ဆောင်နေလိုက်ပါသည်။ ပြဒါးရံ၏လက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ထွေးကိုင်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့မိသည်။ အမှန်မှာကား ဆင့်မှာ ဘာဆက်ပြောရမလဲ မသိဖြစ်နေခဲ့သောကြောင့်ပါပင်။ သူ့စိတ်ထဲတွင် ခံစားချက်အစုံဖြစ်ပေါ်နေပြီး စကားပေါင်းများစွာ စာစီထားသော်လည်း နှုတ်ခမ်းများကတော့ တင်းတင်းစေ့ထားကာ ဘာစကားမှထွက်မလာခဲ့ပေ။

Hate Poem Written With Love࿐Where stories live. Discover now