[34]

266 13 3
                                    

[Unicode]

ရင်းနှီးလွန်းသော ကိုယ်သင်းရနံ့က ဆင့် အနားတစ်ဝိုက် လွှမ်းခြုံနေခဲ့သည်မှာ ဘယ်အချိန်ထဲကလည်းဆိုတာ ကာယကံရှင်ကိုယ်တိုင် မသိခဲ့သော်လည်း ထိုအနံ့က ဆင့်အတွက် တစ်စုံတစ်ယောက်ကို အလွန်အမင်းသတိရစေ‌လေသည်။ မျက်ဝန်းများ မှေးစင်းနေသောကြောင့် ကျန်သည့်အထိအတွေ့များက ပို၍ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖြစ်နေတော့သည်။

ခန္ဓာကိုယ်ကို စိတ်တိုင်းကျထိတွေ့နေသော လက်တစ်စုံကို တွန်းဖယ်ချင်စိတ်များပေါ်နေခဲ့သော်လည်း စိတ်သွားတိုင်း ကိုယ်မပါသည်က ခံရခက်လွန်းပေသည်။ ထိုလက်များက ဆင့်ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားလာနေခဲ့ပြီး အေးမြမှုတစ်ရပ်ကို ပေးစွမ်းနေကာ ရင်းမြစ်အစုံကို အတွင်းကျကျမသိသော်လည်း သူဟာရေစိုနေတဲ့ အဝတ်တစ်ခုဟု ကောက်ချက်ချလိုက်သည်။ ပြဒါးရံက ဘာကြောင့် ရေစိုဝတ်နဲ့ သူ့ခန္ဓာကိုယ်ကို တိုက်ပေးနေရတာလဲ။ များများစားစား မစဉ်းစားနိုင်ခင်မှာတင် ပိုမိုအားကောင်းလာသော အေးမြမှုကြောင့် ဆင့် တစ်ဖန်ပြန်လည် အိပ်ပျော်သွားပြန်သည်။

တစ်နေကုန်အိပ်နေရာမှ နေဝင်ခါနီးတွင် ဆင့်ပြန်နိုးလာခဲ့‌လေသည်။ ဝေ့ဝဲကြည့်နေသော မျက်ဝန်းတစ်စုံမှာ တစ်စုံတစ်ယောက်ကို အလွန်အမင်း ရှာချင်ဇောလောနေခဲ့ပြီး မြင်လွှာရှေ့ရောက်လာသော လူတစ်ယောက်ကြောင့် တိမ်ယံဆင့်၏ အပူချိန်သည် တစ်ဖန်ပြန်လည်တိုးလာခဲ့ပြီး ဖျားနေစဉ်ကအပူချိန်ထက် မဆတစ်ထောင်ပိုများနေပြီဟုတောင် ထင်နိုင်ပေသည်။ မျက်လုံးအဝိုင်းသားများနှင့် ရပ်ကြည့်နေသော သူ့ထံ ထိုယောက်ျားက အသံပြု၍ မေးမြန်းလာသည်။

" ဆင့်.... ဘာလို့ထလာတာလဲ နေမကောင်းသေးဘူးလေ "

အနက်ရောင် အင်္ကျီကို ကြယ်သီးသုံးလုံး ဖြုတ်လျက် ပေါ်လာသော ပြဒါးရံပုံသဏ္ဍာန်မှာ ဆွဲဆောင်အားကောင်းသည့် နတ်ဆိုးတစ်ကောင်နှင့် ဆင်တူနေခဲ့သည့်တိုင် အရာအားလုံးကို သိမ်းကြုံးဝါးမြိုနိုင်သည့် မုန်တိုင်းတစ်ခုနှင့်လည်း ထပ်တူညီနေခဲ့သည် ။ ချီတုံချတုံဖြစ်နေသော အမူအရာမှာ ပြဒါးရံအား မြင်လိုက်ရချိန်တွင် ကျားရှေ့မှောက်ယက်လဲသလို ဘာလုပ်လို့ဘာကိုင်ရမလဲမသိ စိုးရွားအကျည်းတန်နေခဲ့လေသည်။

Hate Poem Written With Love࿐Where stories live. Discover now