[15]

546 18 1
                                    

[Unicode]

သူမစကားကြောင့် တိမ်ယံဆင့်၏ အမူအယာမှာ ဝေခွဲရခက်နေခဲ့လေသည်။ ယွန်းဟေမီက ဘယ်နေရာကိုကြည့်၍ သူ့လက်ထဲ ပြဒါးရံကိုထည့်ကာ စောင့်ရှောက်ခိုင်းနေရသလဲ မသိပါ။ သေချာပေါက် သူတို့နှစ်ယောက်က ဆီနဲ့ရေလို ပေါင်းစပ်လို့မရတဲ့ ဒြပ်တွေပဲမလား။ထိုပေါင်းစပ်လို့မရတဲ့အရာတွေကို အတင်းကာရော ဖိအားပေးရောနှောလိုက်လျှင် ပေါက်ကွဲပျက်စီးထွက်လာ ရုံမှအပ မည်သည့် အကျိုးကျေးဇူးမှမရပေ။ ဓာတုဗေဒ သဘောတရားတစ်ခုပင် ဖြစ်သည်။

ယွန်းဟေမီက ချီတုံချတုံဖြစ်နေသော တိမ်ယံဆင့်ကို အကဲခတ်လျက် အမေးလမ်းကြောင်းကို ဖွင့်ပေးလိုက်သည်

" ဆင့်....မမကိုမေးစရာရှိလို့လား "

တိမ်ယံဆင့်က အမူအရာအနည်းငယ် ပျက်သွားပြီးနောက် ကုတင်ပေါ်က ပြဒါးရံကို တစ်ချက်ကြည့်ကာ ယွန်းဟေမီကို ပြန်ပြောလိုက်သည်။

" မရှိပါဘူး......ကျွန်တော်ဆေးရုံရှေ့ထိ လိုက်ပို့ပေးမယ် "

သူမကပြုံးပြကာ လက်ခံလိုက်ပြီး သိမ်မွေ့သောအမူအယာက ဆင့် စဉ်းစားနေသမျှကို သိနေသော ရှေ့ဖြစ်ဟောဆရာ အသွင်ပင်ဖြစ်သည်။ တစ်လမ်းလုံး တိတ်ဆိတ်စွာ လျှောက်လှမ်းလာခဲ့ပြီး ဆေးရုံရှေ့အပေါက်ဝသို့အရောက်တွင် သူမကဆက်မလျှောက်တော့ဘဲ တုံးတိနိုင်လွန်းစွာ ရပ်တန့်လိုက်လေသည်။

" ရံလေးလည်း မရှိတော့ဘူးဆိုတော့ ဒီမှာလွတ်လွတ်လပ်လပ် ပြောလို့ရပါတယ် "

တိမ်ယံဆင့်က အံ့ဩသွားပြီး အမူအယာကိုပြန်ထိန်းလိုက်ကာ မသိချင်ယောင်ဆောင်၍ မေးမြန်လိုက်သည်။

" ဘာကိုပြောတာလဲ "

" ရံလေးရှေ့မှာမလို့ သက်သက်မမေးခဲ့တာမလား..... ခုနကလေ။ စောင့်ရှောက်ခိုင်းတာအတွက် စိတ်ခုနေတာလား။ "

" ကျွန်တော်နဲ့ ကိုပြဒါးရံနဲ့က အကျင့်စရိုက်ချင်းလည်းမတူဘူး။ အတွေးအခေါ်ခြင်းလည်း မတူဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း မတည့်သလို အရေးကြီးဆုံးက ကျွန်တော်သူ့ကို သဘောမကျဘူး "

" အဲ့တာကြောင့် ဒီတစ်ခေါက် အခွင့်အရေးမှာ ရင်းနှီးအောင်နေခိုင်းတာလေ။ အကျင့်စရိုက်ချင်း ကွဲပြားတာအတွက်တော့ စိုးရိမ်စရာမလိုပါဘူး သံလိုက်တောင် ဆန့်ကျင်ဘက်ချင်းဘဲ ဆွဲငင်တာမလား။ ရံလေးကို နားလည်လာတဲ့တစ်နေ့ သူကဘယ်လိုလူမျိုးလည်း ဆိုတာကိုပါ သိလာလိမ့်မယ်။ "

Hate Poem Written With Love࿐Tempat cerita menjadi hidup. Temukan sekarang