Part (23) (Love Sick)

55.7K 3.9K 384
                                    

Zawgyi

မီးဖိုခန်းထဲတွင် ချွေးတလုံးလုံးနှင့်ဒိုင်ခံချက်ပြုတ်နေသူက ညို့ဖြစ်ကာ ဒေါ်ဝင်းက ဘေးကနေကူပေးနေ၏။ ကြက်ဆီထမင်းနံ့က မွှေးကြိုင်နေ၏။ ဟင်းချိုအိုးတည်ပြီးတော့ ကြက်သားတွေကိုအစီအရီတုံးပြီးနောက် သခွားသီးတွေ နံနံပင်တွေကိုရေဆေးလိုက်လိုက်။ အမေနဲ့မောင်က ကြက်ဆီထမင်းနဲ့တွဲစားတဲ့ ကြက်သားကို ကင်တာမှကြိုက်သူတွေဆိုတော့ မိုက်ခရိုဝေ့ထဲထည့်ကာ အပြင်အရေခွံတွေကြွပ်ရွသွားအောင် ဆယ်မိနစ်လောက်အပူပေးလိုက်သည်။

" ဒေါ်ဝင်း မြည်းကြည့်ပါဦး ရှမ်းဆန်ကအရမ်းမွှေးတာ "

" သခင်လေးချက်သမျှအကုန်ကောင်းနေတော့တာပဲ ဒေါ်ဝင်းတောင်ဒီလောက်မချက်တတ်ဘူးရယ် "

ညို့ပြုံးလိုက်သည်။ နဖူးမှာလည်း ချွေးတွေစီးကျနေသည်။ ပါးပြင်နုနုလေးက ဟင်းချိုအိုး၏အငွေ့ရိုက်တာကြောင့် ပန်းရောင်ပြေးနေ၏။ ညို့ပုံစံလေးက အခွံချွတ်ထားသည့် ပုဇွန်လေးနှင့်တူနေလေသည်။ ဆိုင်ကိုခဏပိတ်ထားရတာကြောင့် ညို့မှာသွားစရာအလုပ်မရှိပေ။ အိမ်မှာရှိနေတဲ့ရက်တွေအတွင်း အစားအသောက်ကိုတစ်မျိုးပြီးတစ်မျိုးလုပ်စားနေတတ်၏။ အိမ်မှာရှိသမျှလူတိုင်းကို ထမင်းချိုင့်ယူမလာဖို့ ညို့ကြိုပြောထားရသည်။

" ဒေါ်ဝင်း ပြီးရင်လေ မောင့်အဒေါ်တို့အိမ်ကိုလည်းသွားပို့ရအောင် ၊ ဘုန်းကြီးကျောင်းကိုလည်း ဆွမ်းချိုင့်လေးပို့ပေးဖို့ ဦးလေးတင်ထွေးကိုပြောပေးပါဦးနော် "

" ဒေါ်ဝင်းအခုပဲသွားပြောလိုက်မယ် "

ဒေါ်ဝင်းက သုတ်တီးသုတ်ပြာထွက်သွားတော့ မီးဖိုချောင်ထဲမှာ ညို့တစ်ယောက်ထဲကျန်နေခဲ့သည်။ အကုန်ပြီးသွားပြီဆိုတော့ အမျိုးတွေကိုပေးဖို့ ဘူးတွေထဲ ကြက်ဆီထမင်းထည့်ဖို့ပဲကျန်တော့မည်။ ဘုန်းကြီးကျောင်းကတော့ ဆွမ်းချိုင့်နှင့်ပို့တာ များများဆန့်တာကြောင့် ချိုင့်နှစ်ချိုင့်ဖြစ်သည်။ ကျန်တဲ့အိမ်တွေကိုတော့ ပေးရလွယ်ကူအောင် တစ်ခါသုံး Plastic lunch boxအကြည်နှင့်ပေးတာဖြစ်သည်။

ညို့အလုပ်ရှုပ်နေစဉ် ကျောပြင်နှင့်ခါးကနွေးခနဲဖြစ်သွားတာကြောင့် တွန့်သွား၏။ ပုခုံးပေါ်မေးတင်ထားသူကိုကြည့်ရန် မျက်နှာလှည့်လိုက်တော့ မောင်က ညို့ပါးပြင်တစ်ဖက်ကို ရွတ်ခနဲမြည်အောင်နမ်းပစ်သည်။ ညို့ချက်ချင်းပဲအရှေ့ပြန်လှည့်လိုက်၏။ ညို့နားရွက်တွေနှင့် ဂုတ်တွေပူထူလာသည်။ တစ်ဆက်ထဲမှပဲ မောင့်အသက်ရှုထုတ်လိုက်သည့်လေတွေက ပူနေတာသတိထားမိလိုက်၍ မောင့်နဖူးကိုစမ်းလိုက်တော့ ပူခြစ်နေသည်။

ASTILLBE (Completed)Where stories live. Discover now