Part (48) ( လက်စွပ်ထဲမှာ မောင့်အချစ်တွေထည့်ထားတယ် )

43K 3K 108
                                    

Zawgyi

အသက်ရှုသံပုံမှန်ဖြင့်အိပ်ပျော်နေသည့် Key၏ မျက်နှာအစိတ်အပိုင်းတစ်ခုဆီကို ရဟန်ခွန်းသ စေ့စေ့စပ်စပ်မကြည့်ပဲမနေနိုင်ပေ။ အသားခပ်ညိုညိုနှင့်လူ၏ ပုခုံးသားများတွင် ခပ်ရဲရဲကိုက်ရာတစ်ချို့ရှိနေသည်က ကြည့်ကောင်းနေ၏။ လည်တိုင်နှင့် ရင်ညွှန့်များတွင်လည်း အမှတ်အသားများက လတ်လတ်ဆက်ဆက်။ ထူထဲနူးညံ့သည့်အောက်နှုတ်ခမ်းက ဖူးယောင်နေသည်။ တစ်ခုပဲပြောစရာရှိသည်။ Keyသည် ယောကျာ်းပီသပြီး ခန့်ညားသည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ ဒါပေမယ့် ရဟန်ခွန်းသကတော့ ထိုအမျိုးသားကို လက်မောင်းကြားအမြဲပွေ့ပိုက်ထားချင်စိတ်များ တဖွားဖွားပေါ်လာရသည်အထိ။

သူ့ကိုယ်သူကောင်းကောင်းကာကွယ်နိုင်မှန်း သိသည်။ သို့ပေမယ့် ဒီလူကို အမြဲစိတ်မချဖြစ်နေရတော့တာ။ ဘယ်အချိန် ကျောခိုင်းသွားမယ်မှန်းမသိနိုင်တာကြောင့် စိုးရိမ်မိတာလည်းပါသည်။ Keyအပေါ်ထားတဲ့ခံစားချက်က အကို့ကိုသဘောကျခဲ့တုန်းကနဲ့လားလားမှမဆိုင်။အကို့ကိုချစ်သည်ဟု တသမတ်ထဲမှတ်ယူမိခဲ့သမျှက ပိုင်ဆိုင်ချင်စိတ်ရောယှက်သော်လည်း အတ္တများမပါဝင်။ ဘေးမှာအမြဲတမ်းရှိလာခဲ့တဲ့ ဒီလူကိုတော့ အသွေးအသားထဲကနေ ပိုင်ဆိုင်ချင်သည်။ ဖမ်းချုပ်ပြီး အနိုင်ကျင့်ချင်သည်။ အချိန်တိုင်းရင်ခွင်ထဲထည့်ထားပြီး သွားလေရာ ခေါ်သွားချင်သည်။

" ချစ်နေပြီထင်တယ် ဒါပေမယ့် အခုမင်းသိရင် ထွက်သွားဦးမှာ မင်းက ငါ့ထက် အလုပ်ကိုဦးစားပေးတယ် မဟုတ်လား "

အိပ်ပျော်နေသူ၏ နှုတ်ခမ်းထူကိုတစ်ချက် ငုံထွေးနမ်းရှုံပြီး ဆံစတို့ ဝဲကျနေသည့် နဖူးပြင်ကို ဖိနမ်းလိုက်သည်။ အကြာကြီး ဖက်ထားချင်သေးပေမယ့် အခုတော့မဖြစ်နိုင်သေး။ ဘောင်းဘီတစ်ထည်ကို ကောက်စွပ်လိုက်ရင်း ပြန့်ကြဲနေသည့်အကျီတွေကိုလိုက်ကောက်သည်။ ကြမ်းပေါ်ကျနေသည့် စာရွက်အပိုင်းအစတစ်ခုကိုကောက်ကိုင်ကာ ဖွင့်ကြည့်လိုက်တော့ မျက်လုံးများပင်ပြာဝေသွားရသည်။

" ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ "

အသံက မဆိုစလောက်ကျယ်သွားသည်။ အိပ်နေသူက လူးလွင့်လာလေတော့ ထိုစာရွက်အပိုင်းအစကို ဘောင်းဘီအိတ်ထဲအလျှင်အမြန်ထိုးထည့်လိုက်ကာ အကျီဘောင်းဘီတွေကို မူမပျက်ကောက်ရင်း အဝတ်ခြင်းထဲထည့်လိုက်သည်။ ခေါင်းထဲမှာတော့ အချက်ပေးသံတို့ဆူဝေနေခဲ့ပြီ။ အရင်လအနည်းငယ်က ကိုကိုပြောခဲ့တဲ့စကားတွေကိုလည်း ထပ်ခါထပ်ခါပြန်ကြားနေရသည်။ သူ့ကိုတော့ အဆုံးရှုံးမခံနိုင်ပါ ၊ ဘယ်လိုပဲဖြစ်ဖြစ် လိုအပ်လာရင် သူ့ကိုဖမ်းချုပ်ပြီး လှောင်ပိတ်ထားရမည်။ လှောင်အိမ်ထဲမှာနေတာက အပြင်လောကကြီးထက်ပိုပြီး အန္တာရာယ်ကင်းတယ် မဟုတ်လား။

ASTILLBE (Completed)Where stories live. Discover now