(၁)

19.7K 1.3K 91
                                    


{Unicode}

အခန်း(၁)

"မကြာမီအချိန်အတွင်းမှာ ကျွန်မတို့ရဲ့ လေယာဥ်ဟာ မြေပြင်ပေါ် သက်ဆင်းတော့မှာဖြစ်ပါတယ် .. မြေပြင်အပူချိန်ဟာဆိုရင် .. "

နိုင်ငံတကာလေဆိပ်အတွင်း နိုင်ငံပေါင်းစုံမှ ခရီးသွားလူငါအများတို့သည် အေးဆေးသက်သာစွာ သွားလာလျက်ရှိကြ၏။ ထိုစဥ်မှာပင် ဆူညံသံတွေနှင့် လှုပ်ခတ်၍သွားကာ ခရီးသွားများ၏ အာရုံကို ဆွဲဆောင်ယူနိုင်သည့် အခြေအနေတစ်ခု ထွက်ပေါ်၍လာသည်။ အသက်နှစ်ဆယ်စွန်းစ ကောင်မလေးအုပ်စုသည် စုပြုံတိုးဝေ့လျက်ရှိကာ တစ်စုံတစ်ဦးကို ဓာတ်ပုံရိုက်ယူနေကြသည်။ အချို့က ဖုန်းနှင့်၊ အချို့က သူတို့မျက်နှာထက်တောင် အရွယ်အစား ပိုကြီးသည့် SLR ကင်မရာတွေနှင့် ဓာတ်ပုံရိုက်ယူလျက်ရှိကြရာ ထိုနေရာတစ်ဝိုက်တွင် ကင်မရာဆီမှ ထွက်ပေါ်လာသည့် တစ်ဖျတ်ဖျတ် အသံတွေဖြင့် ဆူညံလို့နေ၏။

တွန်းတိုက်ခံရမှာစိုးသည့်စိတ်နှင့် ခရီးသည်တွေသည် ထိုအုပ်စုကို လမ်းဖယ်ပေးလိုက်ကြရာ လေဆိပ်အလယ်တွင် လမ်းကြောင်းတစ်ခုပေါ်ထွက်လာသည်။ ထိုအခါတွင်မှ အမျိုးသမီးငယ်အုပ်စု ဝန်းရံခြင်း ခံနေရသည့် လူငယ်တစ်ဦး၏ ပုံရိပ်ကို ကွဲပြားရှင်းလင်းစွာ မြင်တွေ့ကြရတော့သည်။

ထိုလူငယ်၏ အရပ်သည် ရှည်လျားလေရာ ဝန်းရံနေသည့်အုပ်စုကို ​ကျော်ကာ ခေါင်းတစ်လုံးစာမျှ ထိုးထွက်၍နေသည်။ အနက်ရောင် ကုတ်အင်္ကျီရှည်နှင့်အတူ အတွင်းဘက်တွင် ခံဝတ်ထားသည့် အင်္ကျီစတစ်ကော်လာ၏ ထောင့်စွန်းတွင် တစ်ဖျတ်ဖျတ်တောက်ပနေသည့် နှိပ်ကြယ်သီးနှစ်လုံးကို တပ်ဆင်ထားသေး၏။ ကော်လာအတွင်းဘက်ဆီမှ မြင်နေရသည့် လည်တိုင်သည် ဖြောင့်တန်းကျော့မော့၍နေကာ အထက်သို့ဆက်ကြည့်လိုက်မည်ဆိုပါမူ သွယ်လျသည့်မေးရိုးနှင့်အတူ နူးညံ့ပုံရသော်လည်း ခပ်တင်းတင်း စေ့ပိတ်ထားသည့် နှုတ်ခမ်းတစ်စုံကို မြင်ရမည်။

တစ်ချက်မျှ စောင်းငှဲ့ကြည့်လိုက်ရုံနှင့် ရှုပ်ထွေးနေသည့် လူအုပ်ကြားထဲမှာပင် ထင်းခနဲ သိသာစေမည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသော်ငြား မျက်နှာ၏ အချိုးအဆအတော်များများကို ဖုံးအုပ်သွားစေနိုင်လောက်သည့် မျက်မှန်အနက် ဝတ်ဆင်ထားလေရာ မည်သူမည်ဝါဖြစ်သည်ဆိုကြောင်းကိုတော့ တန်းပြောနိုင်မည်မဟုတ်ပါချေ။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now