အချပ်ပို (၁)

5.8K 618 22
                                    

{Unicode}

အပိုင်းတစ် - မိုးမသောက် မှောင်မိုက်အရိပ် မပြေးမီ (၁)

လွန်ခဲ့သော ခုနှစ်နှစ်။

" နာမည်စာရင်းထဲမှာပါတဲ့ တစ်ယောက်က တရုတ်လူမျိုးဟ၊ သောက်ရမ်းချောသောပဲ "

'တရုတ်' နှင့် ဆက်စပ်သည့် အသုံးအနှုန်းဟူသည်က ဤကျောင်းနေရာပတ်ဝန်းကျင်တွင် ကြားရခဲလေရာ ထိုအနားအမှ ဖြတ်သွားသည့် သွမ့်မင်ယန်၏ ခြေလှမ်းတွေသည် အနည်းငယ် တုန့်ဆိုင်းသွားရပြီး အသံလာရာဆီ လှမ်းကြည့်လိုက်မိသည်။ တရုတ်အမျိုးသမီးလေးနှစ်ယောက်နှင့်အတူ လူမျိုးခြားအချို့သည် ကြောငြာဆိုင်းဘုတ်တစ်ခုအနီး ဝိုင်းအုံလျက်ရှိနေကြကာ အကြောင်းအရာတစ်ခုကို စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရ၏။

ကြော်ငြာဆိုင်းဘုတ်ပေါ်တွင်မူ လူဆယ်ဦးပါဝင်သည့် ပိုစတာအကြီးကြီးတစ်ခုကို ကပ်ထားသည်။

မည်သူက အစပြုလိုက်သည် မသိ။ သူတို့ တက္ကသိုလ်တွင် "ကျောင်းတော်ကြီး၏ ချောမော အခန့်ငြားဆုံးသော ပုရိသဆယ်ယောက်" ဟူသည့် ခေါင်းစဥ်ဖြင့် မဲပေးရွေးချယ်မှုသည် ကျောင်းသားများအကြား ဟိုးလေးတကျော်ကျော်ဖြစ်လျက်ရှိသည်။ အကြိတ်အနယ် မဲပေးရွေးချယ်မှုအပြီး တစ်ပတ်ကျော်အကြာတွင် ရလဒ် ထွက်ပေါ်လာသည်။ ဆန်ကာတင်စာရင်းတွင်ပါဝင်သည့် အမျိုးသားဆယ်ဦးအနက် အများစုမှာ ဥရောပဆန်ဆန် ချောမောခန့်ငြားသည့် လူဖြူများသာဖြစ်ကြသည်။

သို့သော်လည်း ထိုလူအများထဲတွင် ခြွင်းချက်တစ်ခုရှိနေသည်။

ပိုစတာ အပေါ်တန်း ညာဘက်ထောင့်စွန်းဆီမှ လူငယ်လေးသည် ရိုးရိုးရှပ်အင်္ကျီအဖြူကို ၀တ်ဆင်လို့ထားသည်။ ဆံပင်အရှည်က လည်တိုင်နားတစ်ဝိုက်အထိ ရှည်ဆင်းလျက်ရှိပြီး ယောကျ်ားလေးတစ်ဦးအတွက်ဆိုပါလျှင် ရှည်သည်ဟု ယူဆ၍ရသည်။ ခပ်နက်နက်ဆံပင်အရောင်နှင့် အနှီကောင်လေး၏ ပုံသဏ္ဍာန်သည် နူးညံ့ ချောမောသည့် အသွင်အပြင်ကို ဆောင်နေ၏။ အသွင်အပြင်ကို တစ်ချက် ကြည့်လိုက်ရုံနှင့် သာမန်ဥရောပလူမျိုးများ၏ အလှအပစံညွှန်းနှင့် ကိုက်ညီမနေ။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now