အချပ်ပို (၁၃)

1.8K 289 6
                                    

{Unicode}

အပိုင်းသုံး - မွေးနေ့ ()

နှစ်ကုန်ပိုင်းတွင် လီလော့သည် သူ၏ ပထမဆုံး ရုပ်ရှင်အကြိုပြသပွဲကို ကျင်းပခဲ့ပြီး မီဒီယာများ၊ ရုပ်ရှင်နှင့် အကဲဖြတ်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူအချို့ကို ဖိတ်ကြားခဲ့သည်။ ပွဲအပြီး တုံ့ပြန်မှုကလည်း အရမ်းကောင်းမွန်သည်။ ထိုသတင်းများ ပျံ့နှံ့လာသည်နှင့်အမျှ အွန်လိုင်းပေါ်တွင် ရုပ်ရှင်နှင့် ပတ်သက်၍ မျှော်လင့်တကြီး တောင်းဆိုမှုများကလည်း မြင့်တက်လာ၏။

တန့်လျန်မှာ စိတ်ဓာတ်တက်ကြွလို့နေပြီး နေ့တိုင်းလိုလို ပျော်ရွှင်နေကာ "ငါတို့ လော့ကောက အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်ဆု ရမှာ" ဟူသည့် ရောင်ဝါတွေကို ထုတ်လွှတ်နေသည်။

လီလော့ကိုယ်တိုင်ကမူ ထိုကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြင်းပြင်းပြပြ ရှိမနေ။ မဟုတ်လည်း သူ အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကြိုးစားခဲ့ပြီးဖြစ်၍ မည်သည့် ရလဒ် ထွက်လာစေကာမူ လက်ခံရမည်သာ။ သို့တိုင်အောင် သူသာ အကောင်းဆုံး ဇာတ်ဆောင်ဆု ရနိုင်ခဲ့မည်ဆိုပါလျှင် မာနမိုးထိုးနေသည့် တစ်ယောက်သော ကျန်းမျိုးရိုး၏ ဖြစ်ပျက်သွားမည့် မျက်နှာအမူအရာကို စိတ်ဝင်တစား ထိုင်ကြည့်ချင်မိသေးသည်။

မည်သို့ဆိုစေကာမူ ​ထိုအရာတွေမှန်သမျှ အသေးအဖွဲ ကိစ္စတွေသာဖြစ်ပြီး ယခု သူ့ စိတ်ထဲတွင် ဦးစားပေး စဥ်းစားနေသည်က တစ်ခုတည်းပဲ ရှိသည်။

မကြာခင် သွမ့်မင်ယန်၏ မွေးနေ့ ရောက်ရှိပေတော့မည်။

အရင်နှစ်တွေတုန်းက အတူပြန်မဆုံနိုင်သေးသလို မနှစ်ကကျပြန်တော့လည်း လမ်းခွဲခဲ့ရပြန်သေးသည်။ မွေးနေ့ကျရောက်သည်ကို မသိယောင်ပြုကာ ယူကေတွင် သူတစ်ယောက်တည်း ဝမ်းနည်းစွာဖြင့် ယောင်လည်လည်ဖြစ်နေခဲ့ရသည်။ ဒီနှစ်မှာတော့ဖြင့် နောင်တရစရာကိစ္စတွေကို ထပ်မံ မပြုလုပ်ချင်တော့။

သို့သော်လည်း အခြေအနေတွေသည် မှန်းဆမရနိုင်စွာပင် အမြဲတမ်း ပြောင်းလဲလို့နေ၏။

" ဒီလကုန်ပိုင်းလောက်ကျရင် ငါ့ အမေရှိတဲ့နေရာဆီ လိုက်သွားရလောက်တယ် "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now