(၅၄)

5.7K 831 8
                                    


{Unicode}

အခန်း(၅၄)

ဧည့်ခန်းမထဲတွင် လူအများမှာ ဝိုင်သောက်သူက သောက်၊ ပြုံးပြုံးပျော်ပျော်ဖြင့် စကားဝိုင်းဖွဲ့သူက ဝိုင်းဖွဲ့လျှက်ရှိသော်ငြား ထောင့်ချိုးတစ်ခုကို ကွေ့ကာ ဓာတ်လှေကားထဲ ဝင်သွားသည့်အခါတွင်မူ စီစီညံနေသည့် အသံဟူသမျှ စကျင်ကျောက်နံရံကြီး၏ ရုတ်ခြည်း ကန့်သတ်ခြင်းခံလိုက်ရကာ တိတ်ဆိတ်မှုက ကြီးစိုးလို့လာ၏။

လီလော့သည် သွမ့်ရှင်းယဲ့ ဝင်သွားသည့် ဓာတ်လှေကားရှိရာ ထောင့်ချိုးထဲ ခြေနှစ်လှမ်းမျှ အသာချလိုက်ပြီး

" Mr.သွမ့်၊ ဘာများ အလိုရှိလို့ပါလဲ "

သွမ့်ရှင်းယဲ့သည် ထောင့်တစ်ကွေ့ဆီမှ ထွက်ပေါ်လာသည်။ မျက်နှာထက်တွင်မူ တွေ့မြင်နေကျ အပြုံးသဲ့သဲ့ကရှိနေသည်။

" မင်း ဒီရောက်နေတယ် ကြားတော့၊ ကျွန်တော့်အဖေက တွေ့ချင်လို့တဲ့လေ "

လီလော့သည် ခပ်ထေ့ထေ့ပြုံးလိုက်ပြီး

" ကျွန်တော် ခင်ဗျားနဲ့ ပူးပေါင်းလိုက်ရုံနဲ့၊ ကိုယ့်အဖေတစ်ယောက်လုံး ထောင်ကျသွားအောင် အမှုဆင်ခဲ့တဲ့လူနဲ့ တွေ့ချင်တယ်လို့ အထင်မမှားလိုက်နဲ့လေ "

သွမ့်ရှင်းယဲ့သည် လီလော့စကားကို လစ်လျူရှုကာ

" Mr.လီ၊ ကျွန်တော်နဲ့ လိုက်ခဲ့မယ်မလား "

လီလော့သည် မျက်မောင်ကြုတ်ကာ ခေတ္တမျှ စဥ်းစားလိုက်ပြီး

" ဒီလိုဆိုမှတော့၊ ကျွန်တော့်ဘက်ကနေ တစ်ခုတောင်းဆိုစရာရှိတယ် "

" ဟုတ်ကဲ့၊ ပြောပါဗျား "

" ခင်ဗျား ဇနီးကို၊ ဆောရီး၊ ခင်ဗျားရဲ့ ဇနီးဟောင်းကို ကျေးဇူးပြုပြီး သွမ့်မင်ယန်နားက ခွာထုတ်ပေးလို့ ရမလား "

သွမ့်ရှင်းယဲ့သည် လီလော့ ပြောလာမည်ကို ရှေးမဆွကပင် မျှော်လင့်ပြီးဖြစ်သည့်အတိုင်း ခပ်ရွှင်ရွှင် ရယ်မောလိုက်ပြီး

" အိုကေပါ၊ အဲ့ကိစ္စက နောက်မှ ဖြည်းဖြည်းပြောလို့ရတယ်၊ ခုတော့ အပေါ် အရင် တက်ကြရအောင်လား "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now