(၆)

6.8K 939 9
                                    


{Unicode}

အခန်း(၆)

ညစာစားပွဲကို ကျောခိုင်းထွက်ခွာပြီးခဲ့ကာမှ လော့ရှင်း ပြန်အမှတ်ရလာသည်။ တစ်ကယ်တန်းတော့ 'အဆက်ဟောင်း' ဟူသည် ထိုသူကို ရည်ညွှန်းဖို့ရန် အကောင်းဆုံး စကားလုံးလို့တောင် ပြော၍မရပါပေ။

ဤသို့ပြန်ပြောင်းကာ တွေးမိခါမှ တစ်ချိန်တုန်းက သူသည် အချစ်ကြောင့် မျက်စိမှောက်ခဲ့ရရှာသည့် သနားစရာလူတစ်ယောက်ဖြစ်မှန်း ပိုလို့တောင် သိသာလာ၏။ တစ်ယောက်ကို တစ်ယောက် ဖုံးကွယ်ထားသမျှ မပေါ်ပေါက်သေးခင် လမ်းခွဲခဲ့ကြချိန်တုန်းကတော့ လီလော့မှာ သွမ့်မိန်ယန်သည်သာ သနားဖွယ်ရာ အကောင်းဆုံးသူတစ်ယောက်ဟု ထင်ခဲ့မိသေးသည်။

ဘာကြောင့်ဆို သွမ့်မိန်ယန်ကို လီလော့ စတင်ကာ လိုက်ခဲ့သည်က မြင်မြင်ချင်းချစ်မိသည်ဆိုသည့် အကြောင်းပြချက်ကြောင့် လုံးဝမဟုတ်ခဲ့။ ထိုအစား ကလေးဆန်သည့် အရွဲ့တိုက်ချင်စိတ်ကြောင့်သာဖြစ်ခဲ့သည်။

ထိုအချိန်တုန်းက လီမိသားစုသည် စီးပွားရေးလောကတွင် နံပါတ်တစ်ဖြစ်ပြီး ကျန်းနှင့် သွမ့်မိသားစုဆိုသည်က အမြဲတမ်း သူတို့အနောက်တွင်သာရှိနေခဲ့၏။ သူကလည်း ဩဇာတိက္ကမကြီးမားသည့် သူဌေးကြီးလီကျန့်ဟုန်၏ တစ်ဦးတည်းသောသားဖြစ်သည်။ ငယ်စဥ်ကတည်းက ချစ်သူခင်သူ ပတ်လည်ဝိုင်းနေခဲ့ကာ လိုချင်တာမှန်သမျှ မရတာ မရှိစေရအောင် ဖူးဖူးမှုတ်ခံထားရသည့်အတွက် သူကလည်း အတော်လေးကို ဇွတ်တရွတ်ဆန်ကာ ရှေ့နောက်မစဥ်းစားဘဲ လုပ်ချင်ရာလုပ်တတ်သည်။ ကျောထောက်နောက်ခံကောင်းကောင်းရှိသည့်နောက် မည်မျှပင် အရှုပ်လုပ်ထားပါစေ သူလုပ်သည်က ဥပဒေကို ချိုးဖောက်ရာ မရောက်ဘူးဆိုလျင် အနောက်ကနေလိုက်ရှင်းပေးသူတွေ အသင့်ရှိပြီးသားပင်။

ဒီလိုနှင့် လီလော့၏ ပထမဆယ့်ငါးနှစ်အရွယ်သည် ရေသေကန်မျက်နှာပြင်အလား တည်ငြိမ်ချောမွေ့လို့နေခဲ့သည်မှာ သူ့အဘိဓာန်ထဲတွင် 'မပြေလည်ခြင်း' ဟူသည့် ဝေါဟာရပင် မရှိသည်အထိ။

အသက်ဆယ့်ငါးနှစ်ပြည့်ပြီးသွားသည့်အချိန် သူ့မိဘနှစ်ပါးက မပြောမဆိုနှင့် ရုတ်ခြည်းကွာရှင်းပြတ်ဆဲလိုက်ကြသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now