(၂၂)

6.2K 933 31
                                    


{Unicode}

အခန်း(၂၂)

"သွမ့်ရှင်းယဲ့ ပါးစပ်ထဲက စကားဆယ်ခွန်းထွက်လာရင် တစ်ခွန်းလောက်တောင် ယုံလို့မရတဲ့ဟာ .. ငါသာဆို သည်းခံပြီး နားထောင်မနေဘူး"

အကြာကြီး တိတ်ဆိတ်ပြီးသွားခါမှ သွမ့်မင်ယန်ဆီက ပြန်ရသည်မှာ ဤစကားဖြစ်ပါ၏။ လီလော့မှာ ဟားတိုက်ချင်မိရပြီ။

"ဒါဆို မင်းရဲ့ စကားကျတော့ရော .. ယုံစားရလို့လား"

သူသာ မယုံကြည်ခဲ့မိဘူးဆိုပါလျင် ယနေ့လို အခြေအနေမျိုးထဲ ကျရောက်ခဲ့မည်တောင် မဟုတ်ပါချေ။

သံသယဟူ၍ မြူတစ်မှုန်စာမျှပင် မထားခဲ့ဘဲ ပုံအပ်ခဲ့ပြီးကာမှ အရှက်တကွဲအဖြစ်ရဆုံး ပုံစံကို ရိုက်ယူခြင်းခံလိုက်ရသည်။ ထိုမှတ်တမ်းသည် ရန်သူတော်တွေဆီ လက်ဆောင်သဖွယ် ပို့ဆောင်ခြင်းခံလိုက်ရသည့်အပြင် အယောက်တိုင်းစီသော သွမ့်အိမ်တော်သားတွေထံတွင်ပင် ကော်ပီပွထားတာတွေ ရှိနိုင်လောက်သေး၏။ သူတစ်ပါးကို အကျပ်ကိုင်ဖို့လိုလာလေတိုင်း ထမင်းစားရေသောက်သလို လွယ်ကူစွာ အသုံးချပေလိမ့်ဦးမည်။ ထိုအယောက်စီတိုင်းသည် တစ်နေ့တုန်းဆီက သွမ့်ရှင်းယဲ့ သူ့ကို လုပ်ခဲ့သည့်အတိုင်း တစ်ပါးသူကို နင်းခြေချင်သလို နင်းချေကာ စိတ်တိုင်းကျချယ်လှယ်ကြပေလိမ့်ဦးမည်။

အဆုံးတွင် လီလော့ဟူသည် ဘာကောင်းကြီးပဲဖြစ်နေပါစေ သွမ့်မိသားစု၏ တရားမဝင်သားကပင် မလေးမခန့် ဆော့ကစားခြင်းခံရမည့် အရာဝတ္ထုသာသာအဖြစ်သာ ကျရောက်သွားရတာပင်။

အတိတ်ဆီက အမုန်းနှင့် ဒေါသတွေသည် ယခုထိတိုင် အစိုင်အခဲဖြစ်နေဆဲဖြစ်သလို လောလောလတ်လတ် ခံစားခဲ့ရသည့် အရှက်ခွဲခံရမှုသည်ပင် အတွေးထဲက မထွက်နိုင်သေး။ ဒါကိုတောင်မှ သွမ့်မင်ယန်သည် တူညီသည့် ဆင်ကွက်ဖြင့် သူ့ကို ထောင်ဖမ်းချင်နေသေးသည်။

မည်မျှ ရယ်စရာကောင်းပါသနည်း။

"လူတစ်ယောက်လုံးကို အမှိုက်လို ပစ်ထုတ်ထားခဲ့ပြီးမှ နောက်တစ်ခါ ပြန်လိုချင်တယ်ပေါ့ .. ငါ့ကို ဘယ်လိုတောင် ပေါပေါပဲပဲ ထင်နေသလဲ .. ဟမ် .. ပြောကြည့်စမ်းပါဦး .. လုပ်ချင်ရာ လုပ်ပစ်ခဲ့ပြီးတာတောင်မှ ငါ့ကို မင်းအိပ်ရာပေါ် ဒုတိယအကြိမ် ပြန်တက်လာဦးမယ်လို့ ထင်နေသေးတာလား ?"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now