(၆၄)

5.9K 800 31
                                    

{Unicode}

အခန်း(၆၄)

စုကျစ်ဘက်မှ ထုတ်ပြန်လိုက်သည့် သတင်းကြောင့် မိနစ်ပိုင်းအတွင်းမှာပင် ဖျော်ဖြေရေးလောကတစ်ခုလုံး ဆူညံလို့သွားသည်။

မေးရိုးပြုတ်ကျမတတ် အံ့အားသင့်သွားကြသည့် သာမန် အင်တာနက်သုံးဆွဲသူများ မပြောနှင့်၊ လီလော့ပင်လျှင် စုကျစ်အား ဤမျှအထိ မြန်မြန်ဆန်ဆန်နှင့် ပြတ်ပြတ်သားသား ရိုက်ချပစ်လိုက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့။

သွမ့်ရှင်းယဲ့၏ 'ခင်ပွန်းကောင်း' ဟူသည့် မှတ်ချက်မှာ အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် သွမ့်မိသားစု အရှုပ်တော်ပုံအကြား ပြိုလဲသွားခဲ့ပြီး ဖြစ်သော်လည်း စုကျစ်သည် ထိုစဥ်တုန်းက မည်သည့်ရှင်းချက်မှ မထုတ်ပြန်ခဲ့။ သို့ဖြစ်၍ စုံစမ်းရေးဘက်မှ လူများအဖို့ သွမ့်ရှင်းယဲ့အား လိင်ကုန်ကူးရာတွင် တိုက်ရိုက်ပါဝင်ပတ်သက်နေသည့် တိုက်ရိုက်အထောက်အထားကို ရှာမတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် များမကြာမီမှာပင် သွမ့်ရှင်းယဲ့၏ နာမည်ဂုဏ်သတင်းသည် ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာခဲ့၏။

ဤသို့ဤနှယ် တည်ငြိမ်ရုံမျှရှိသေး။ စုကျစ်မှနေ၍ မိုးကြိုးဖြင့် ပစ်ချလိုက်သည့်နှယ် လူတိုင်း အံ့အားသင့်စေမည့် သတင်းကို ထုတ်ပြန်လိုက်သည်။

စုကျစ်အနေဖြင့် သွမ့်မင်ယန်မှတဆင့် သွမ့်ရှင်းယဲ့၏ အိမ်ထောင်ရေး ဖောက်ပြန်မှုများအား အကြိမ်ပေါင်းများစွာ ကြားသိခဲ့ရသည့်တိုင် ဤမျှလောက်များပြားနေလိမ့်မည်ဟုတော့ ထင်မထားခဲ့။ စုကျစ်တစ်ဦးတည်း စုဆောင်းထားသည့် မှတ်တမ်းတွေကပင် တစ်ရာကျော်ရှိခဲ့ပြီးဖြစ်ကာ သွမ့်ရှင်းယဲ့ကိုယ်တိုင် ဦးစီးကာ သူပိုင် ဗီလာနှင့် Clubhouse တွင်ပြုလုပ်ခဲ့သည့် ရွံရှာဖွယ် ကိစ္စရပ်များ မပါသေးချေ။

အကယ်၍ သာမန်ဖောက်ပြန်မှု သတင်းမျှသာဖြစ်ခဲ့လျှင် ဤသည်မှာ ဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်း ပုံမှန်မြင်တွေ့နေကျ အတင်းအဖျင်းတစ်ခုဟူ၍ သတ်မှတ်ခံလိုက်ရနိုင်သည်။ သို့သော် စုကျစ်သည်ကား စုကျစ်ပီသလှ၏။ တစ်လျှောက်လုံး ငြိမ်သက်နေခဲ့သမျှ သွမ့်ရှင်းယဲ့အား ရိုက်ချဖို့ ဆုံးဖြတ်လိုက်သည်နှင့် ဘယ်တော့မှ ပြန်ထမလာနိုင်စေရန်အထိ ရည်ရွယ်ထားခဲ့သည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now