(၆၉)

5.8K 752 28
                                    

{Unicode}

အခန်း(၆၉)

ရိုက်ကူးရေးစတင်သည့်နေ့တွင် သူတို့ရုပ်ရှင်အဖွဲ့သားတွေသည် ထုံးစံအတိုင်း အမွှေးတိုင်များ ထွန်းညှိပြီး ရိုက်ကူးရေး ချောချောမွေ့မွေ့နှင့် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြသည်။

များမကြာမီကပင် အမြီးတန်းနေခဲ့သည့် ဆောင်းလေအေးမှာ လွင့်စင်ခါစဖြစ်ပြီး နွေဦးရာသီ၏ နွေးထွေးမှုက ချဥ်းနင်းဝင်ရောက်လာပြီဖြစ်သည့်တိုင် လေထုကမူ အေးခဲနေဆဲပင်။ ယခုတစ်ကြိမ်တွင် လီလော့သည် မည်သူ့ကိုမှ လှည့်စားဖို့ မလိုရာ အောက်ခံအင်္ကျီကို ထူထူထဲထဲ ဝတ်ဆင်ထားပြီး ရှပ်ရှင်အဖွဲ့သားများနှင့်အတူ ဆုတောင်းသည့် အချိန်မှာပင် အမွှေးတိုင် ကိုင်၍ရရုံ လက်နှစ်ချောင်းမျှကိုသာ ဆန့်ထုတ်ထားသည်။

အဖွဲ့သားများက ရုပ်ရှင်ရိုက်ကူးရေး အဆင်ပြေပြေနှင့် ချောချောမွေ့မွေ့ ပြီး​ဆုံးပါစေကြောင်း ဆုတောင်းကြသော်ငြား လီလော့ကမူ သူတို့ဇာတ်ကား၏ တစ်ဦးတည်းသော ရင်းနှီးမြှုပ်နှံသူကြီး အန္တရယ်ကင်းကင်း ပြန်ရောက်ရှိလာဖို့ရာကိုသာ ဆုတောင်းသည်။

အမွှေးတိုင် ထွန်းညှိပြီးနောက် ထုတ်လုပ်ရေးအဖွဲ့မှ ရိုက်ကူးရေး တရားဝင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ကြေငြာပြီး ဝန်ထမ်းများ အားလုံးသည် စက်ပစ္စည်း ကိရိယာများ နေရာချထားရန်အတွက် ၎င်းတို့နှင့် သက်ဆိုင်သည့်နေရာဆီ ထွက်ခွာသွားကြသည်။

ပထမဆုံးအခန်းမှာ အမျိုးသားဇာတ်ကောင်အား ကျောင်းမှ မထုတ်ပယ်ရသေးခင်အချိန်ဖြစ်သည်။ လီလော့သည် ထိုအခန်းအတွက် အဖြူရောင်သုံးလွှာဝတ်ရုံဖြင့် ရိုက်ကူးရမည်ဖြစ်သည်။

အတွင်းဘက် အခံစသည် အသားနှင့် တစ်ထပ်တည်းကျနေပြီး ပွတ်တိုက်မှုကို လျော့နည်းစေကာ လှုပ်ရှားရာတွင် သက်တောင့်သက်သာဖြင့် လျင်မြန်စွာရွေ့လျားဖို့ လွယ်ကူသည်။ အပြင်ဘက်အလွှာအတွက် ပိုမိုထူထဲသည့် ပိတ်ထည်ဖြင့် ပြုလုပ်ထားသောကြောင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိသည်။ လည်ပင်းကော်လာပေါ်တွင် ငွေရောင်ချည်မျှင်ကို လှိုင်းပုံစံ အကွက်ဖော်၍ ထိုးထားရာ ထောင့်တစ်ခုပြောင်းလေတိုင်း အလင်းပြန်ဟပ်ပြီး လှိုင်းတွန့်များသဖွယ် ဖောင်းကြွလာကြသည်။ ဝတ်စုံ၏ ပြီးပြည့်စုံမှုသည် အပြင်ဘက်ဆုံးအလွှာဖြင့် အဆုံးသတ်သည်။ နောက်ဆုံးတစ်ထပ်မှာ ပုစဉ်းရင်ကွဲတောင်ပံသမျှ ပါးလွှာလေရာ ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်ရုံဖြင့် လေနှင့်အတူ တလွင့်လွင့် ဝဲပျံနေပြီး ကမ္ဘာမြေပေါ် သက်ဆင်းလာသည့် နတ်မျိုးနွယ်သဖွယ် ထင်မှတ်မိလိမ့်မည်ဖြစ်ပါ၏။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now