(၇)

6.6K 888 21
                                    


{Unicode}

အခန်း(၇)

ထိပ်ပြောင်ကြီးကို ဘားအနောက်ဘက် လူရှင်းသည့် လမ်းကြားနားတွင် ပယ်ပယ်နယ်နယ် ချပြီးသွားသည့်အခါ လီလော့သည် ရှူးဖိနပ်အောက်ခြေတွင် ပေကျံနေသည့်သွေးတွေ ပြောင်စင်သွားအောင် အဝင်ဝရှိ ကော်ဇောနှင့် သုတ်လိုက်သေး၏။ ကော်ဇော်မူလအရောင်ကိုက ကြက်သွေးရင့်ရောင်ဖြစ်လေရာ မည်သည့်သွေးစမှ မစွန်းထင်းထားသည့်အလား နဂိုအတိုင်းရှိနေသည်။

ပြီးသည်နှင့် သန့်စင်ခန်းထဲဝင်ကာ လှုပ်လှုပ်ရှားရှားလုပ်ထား၍ အနည်းငယ်ရှုပ်ပွသွားသည့် ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်သည်။ မျက်နှာရှေ့ ဝှေ့ဝဲကျနေခဲ့သည့် ဆံနွယ်စတွေသည် ယခုတော့ဖြင့် နားသယ်အနောက်ဘက်နားတွင် နေရာတကျလေး ပြန်လည်ရောက်ရှိလို့သွားကြပြီ။ မတိုမရှည်နှင့် ဂုတ်ထောက်စပြုနေပြီဖြစ်သည့် ဆံသားတွေက သူခေါင်းတစ်ခါ ခါလိုက်မိတိုင်း ယားကျိကျိဖြစ်စေသည်က အတော့ကိုပဲ စိတ်ရှုပ်ရ၏။ သူ တစ်ကယ်ကို တိုတိုလေး ညှပ်ချပစ်ချင်နေပြီဖြစ်သည်။

လွန်ခဲ့သည့် လအနည်းငယ်လောက်တုန်းကသာ ကျန်းလျို့ရှန်းနှင့် အားယားပြီး အလောင်းအစား မလုပ်ခဲ့မိဘူးဆိုလျင် သူ ညှပ်ပြီးနေတာ ကြာလှရှိတော့မည်။ လီလော့ဆံပင်တွေသာ ပုခုံးကျော်ကျော်အထိရှည်ပြီး ပိုနီတေးစည်းလို့ရသည်အထိ အရှည်ထားနိုင်မည်ဆိုလျင် ဖော်လိုဝါသန်းနှင့်ချီသည့် သူ့ Weibo တွင် "လော့ကောက သောက်ရမ်းမိုက်တယ်" ဟူသည့် စာတန်းကို တင်ပေးမည်ဟုဆိုသည်။

လီလော့တွင် ဇွဲနပဲကြီး၍ စိတ်ရှည်တတ်သည့် အလေ့အထမရှိကြောင်း ကျန်းလျို့ရှန်း အသေအချာကို သိနေသည်။ တစ်ကယ်လည်း စိတ်မရှည်တတ်တာ ဟုတ်ပေသည်။ သို့တိုင်အောင် လီလော့၏ ခေါင်းမာတတ်သည့် ဉာဥ်ကလေးက အလေးသာသွားလေးရာ သူ့ဆံပင်ရှည်နှုန်း နှေးနေသည့်တိုင် လုံးဝမညှပ်ဘဲ ထားထားတာဖြစ်ပါ၏။

ထင်မှတ်မထားဘဲ ဤဆံနွယ်ရှည်တွေ အသုံးဝင်သည့် နေ့ရောက်ရှိလို့လာသည်။

ဆေးမဆိုးဘဲ သဘာဝအတိုင်း ထားထားသည်ဖြစ်ရာ သူ့ဆံနွယ်တွေသည် ကြည့်လိုက်ရုံနှင့် နူးညံ့ချောမွတ်မှန်း သိသာ၏။ မသိလျင် မည်သည့်ပြဿနာမှ မရှာဖူးသည့် ကျောင်းသားအလိမ္မာလေးနှင့်တောင် တူနေသေးတော့သည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now