(၄၃)

6.8K 822 25
                                    


{Unicode}

အခန်း(၄၃)

နှစ်ဦးစလုံး တိတ်ဆိတ်၍နေကာ မည်သူမှ စကား စ မပြော။ ပြင်းရှသည့် အသက်ရှူသံသာ ကြီးစိုး၍နေသည်။

လီလော့၏ မျက်ဝန်းတွေသည် ဖြည်းညင်းစွာ ပွင့်လာ၏။ ထိုမျက်ဝန်းတွေသည် သွမ့်မင်ယန်​ဆီမှ ကြားလိုက်ရသည့် စကားအား နားမလည်နိုင်ဟန်ဖြင့် မှုန်ရီလျက်ရှိကြသည်။

ယခုလေးတင် လက်ခံရရှိလိုက်သည့် အနမ်းထဲတွင် ခံစားချက်အချို့ ပါဝင်နေကြောင်း သူ နားမလည်လိုက်၍ မဟုတ်။

သူ တောင့်တခဲ့ပါလျက်နှင့် ဘယ်တော့မှ မရနိုင်လောက်ဘူးဟု မှတ်ထင်ထားခဲ့မိသည့် ဝေဝေဝါးဝါး ခံစားချက်နှင့်အတူ သွမ့်မင်ယန်ဆီမှ ထွက်လာသည့် အမေးစကားသည် လီလော့အား ပို၍ ဇဝေဇဝါဖြစ်သွားစေ၏။

နားနှင့် ဆတ်ဆတ် ကြားနေရပါလျက် နောက်ထပ်တစ်ဖန် မှားယွင်းစွာ အဓိပ္ပာယ်ကောက်လိုက်မိမည်ကို စိုးရိမ်သည်။ အမှန်တကယ်ဖြစ်လျင်တောင် ချက်ချင်း လက်ခံဖို့ရာ တတ်နိုင်လားဆိုသည်ကလည်း ရှိသေးသည်။

အတိတ်က နာကြည်းချက်များအား ကျေလည်အောင် မဖြေရှင်းနိုင်သေးရုံမျှမက စိတ်ကျေနပ်လောက်စရာ ရလဒ်ကလည်း ထွက်မလာသေးသည့် အနေအထားတွင် ရှိနေသည်။ သွမ့်မင်ယန် သူ့အပေါ် ကျူးလွန်ခဲ့သည်မှာ သစ္စာဖောက်မှု တစ်ခုတည်းပင်မဟုတ်။ ထိုသို့သော သူအပေါ် မိမိဘက်မှ အလွယ်တကူ ခွင့်လွှတ်ပေးနိုင်မည်တဲ့လား။

သွမ့်မင်ယန်ဆိုသည်သူ လီလော့အား ထိခိုက်စေရုံတင်မကသေး။ အပြစ်မဲ့သည့် ဖခင်ဖြစ်သူကိုပင် သံတိုင်တွေအနောက် ပို့ဆောင်ခဲ့သူဖြစ်သည်။ သို့ဖြစ်ပါလျက် မိမိသည် စိတ်အလိုဆန္ဒနောက်လိုက်ကာ ဖခင်အား မျက်ကွယ်ပြုလျက် ခွင့်လွှတ်ဖို့ရန် အခွင့်ရှိသူ ဟုတ်မနေပေ။

သူ့တွင် ဆုံးဖြတ်ပိုင်ခွင့် မရှိ။

သို့သော်ငြား ခုခဏတွင် လီလော့သည် သူ၏ အိမ်မက်ထဲတွင် အကြိမ်ပေါင်း မရေတွက်နိုင်အောင် ပေါ်လာခဲ့ဖူးသည့် အနှီမျက်နှာကိုသာ ငေးကြည့်နေမိ၏။ နှုတ်ခမ်းထက်တွင် ထင်ကျန်ခဲ့သည့် နွေးထွေးမှုလေးသည်လည်း ယခုထက်တိုင် ရှိနေဆဲ။ နှလုံးသားဆီမှ ရုန်းကန်ထွက်လာသည့် အပူစီးကြောင်းသည်လည်း သူ့တစ်ကိုယ်လုံးတွင် လည်ပတ်နေဆဲ။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now