(၅၃)

6.5K 883 63
                                    

{Unicode}

အခန်း(၅၃)

လီလော့သည် သွမ့်မင်ယန်၏ ဗလာဖြစ်သွားသည့် လက်တွေဆီ ငေးကြည့်နေမိသည်။

တစ်ချိန်တုန်းကတော့ဖြင့် အနှီလက်စွပ် ဝတ်ဆင်ထားလေသည့် လက်ကို မုန်းတီးခဲ့မိဖူးပါ၏။ သို့သော် ယခုအခါတွင်မူ လက်စွပ်ကင်းမဲ့သွားပြီဖြစ်သည့် လက်ကို ပိုမုန်းတီးမိသည်။

သို့တိုင်အောင် လီလော့မှာ ဒေါသ မထွက်နိုင်။ သွမ့်မင်ယန် ပြောသည်ကလည်း မမှား။ သူတို့နှစ်ယောက်အကြား အမှန်တကယ်ကိုပင် ယုံကြည်မှု အားနည်းနေကာ အစမှ အဆုံးထိတိုင် သံသယတွေဖြင့် ပြည့်နှက်နေခဲ့သည်။ ခုနေ သွမ့်မင်ယန်ပေါင်ကို ဖက်ကာ မည်မျှချစ်ပါသည်ဆိုသည့်အကြောင်း ငိုယိုပြီး ပြောပြမည်ဆိုလျှင်တောင် နှစ်ခါတိုင်တိုင် လမ်းခွဲစကားပြောခဲ့သည့် မိမိအား ယုံကြည်နိုင်တော့မည် မဟုတ်ပါပေ။

ဒီနေရာမှာတင် ရပ်တန့်လိုက်ဖို့ရာကရော။ တကယ်ပဲ ဖြစ်နိုင်မှာတဲ့လား။

" မဟုတ်ဘူး "

လီလော့သည် နီရဲနေသည့် မျက်ဝန်းအစုံကို မှိတ်ထားလိုက်ပြီး အသက်ဝဝ တစ်ချက်ရှူသွင်းလိုက်၏။ ထို့နောက် မျက်ဝန်းတွေသည် တစ်ဖန် ပြန်ပွင့်လာပြီး သွမ့်မင်ယန်ကို တည့်တည့်စိုက်ကြည့်ကာ ခေါင်းမာစွာဖြင့်

" မင်း အဲ့ကိစ္စကိုမှ မလုပ်ဘူးလို့ ပြောခဲ့ပြီးပြီကို၊ ဘာဖြစ်လို့လဲ "

သူတို့နှစ်ယောက် တကယ် အဆုံးသတ်သွားပြီဆိုတာကို ဘယ်လိုမှ မယုံကြည်နိုင်။

များပြားလှသည့် အထင်လွဲမှုနှင့် အခွင့်ရေးပေါင်းများစွာကို လွဲချော်ခဲ့ရသည့်အပြင် သူ့တွင် ရှင်းပြဖို့ရန်လည်း အခွင့်မသာခဲ့။ တစ်ဦးကိုတစ်ဦး ချစ်နေကြကြောင်း သိနိုင်ဖို့ရာကလည်း ခက်ခဲလွန်းခဲ့သည်။ ဤနေရာတွင်သာ ရပ်တန့်လိုက်ရမည်ဆိုပါလျှင် သူ့ကိုယ်သူ လုံးဝခွင့်လွှတ်နိုင်တော့မည် မဟုတ်ပေ။

" ငါ မင်းရဲ့ ခံစားချက်ကို နားလည်ပါတယ်၊ တကယ်က မင်း ငါ့ကို စိတ်ပျက်တယ်ဆိုတာထက် မင်းကိုယ်မင်း စိတ်ပျက်သွားတာ၊ အဲ့တာကြောင့် ငါ့ကို မင်းရဲ့ အဝေးမှာ ထားမှ လုံခြုံသွားမှာလို့ ထင်နေတာ၊ ပြီးတော့လည်း ငါတို့ကြားက မတူညီမှုတွေကြောင့် နောက်တစ်ခါ ထပ်ပြီး လမ်းခွဲလိုက်ရမှာကို စိုးရိမ်တယ်၊ မင်း အပေါ်ထားတဲ့ ငါ့ရဲ့ ခံစားချက်တွေ အဆုံးထိ တည်မြဲမှာ မဟုတ်ဘူးလို့ ထင်နေတာ၊ ဟုတ်တယ်မလား "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now