(၃၈)

6.4K 857 91
                                    


{Unicode}

အခန်း(၃၈)

တန့်လျန်အား ကားထဲမှ အပေါ်ထပ် သွားယူခိုင်းပြီး ရောက်လာသည့်အခါ လီလော့သည် သူကိုယ်တိုင် ယူသွားပေးသည့်အပြင် စုကျစ်ကိုယ်ပေါ် ဂရုတစ်စိုက်နှင့် လွှမ်းခြုံပေးလိုက်သေး၏။

သွမ့်မင်ယန်သည် ဘေးနားမှနေ၍ တိတ်ဆိတ်စွာပင် စောင့်ကြည့်နေကာ မျက်လုံးတွေသည် လီလော့ အသစ်ကျပ်ချွတ် ဝတ်ဆင်လာသည့် လက်စွပ်အသစ်ဆီမှ မခွာ။ ထိုမျက်ဝန်းတွေသည် နက်မှောင်၍နေကာ မပျော်မရွှင်ဖြစ်နေကြောင်း အထင်းသား ပေါ်လွင်လျက်ရှိသည်။

လီလော့သည် သွမ့်မင်ယန်၏ သံသယလွန်ကဲကာ လွှမ်းမိုးထိန်းချုပ်လိုသည့်အကျင့် ထွက်ပြူလာလေပြီဟူ၍သာ တွေးလိုက်မိပြီး မမြင်ချင်ယောင် ဆောင်ကာ စုကျစ်နှင့် စကားပြောရင်း ခန်းမဆီ ဦးတည်လိုက်သည်။ လမ်းတွင် အတူသရုပ်ဆောင်ဖူးသည့် မင်းသမီးငယ်လေးများနှင့် တွေ့သည့်အခါ ခါတိုင်းလိုပင် နှုတ်ဆက်ပြုံးပြပြီး စကားစမြည်ပြောသည်လည်းရှိ၏။ ​နှုတ်ဆက်ပြီးသွားသည့်အခါ မင်းသမီးငယ်လေးများက ချိုမြိန်သည့် အပြုံးကိုယ်စီနှင့် 'နောက်တစ်ခါ ပူးပေါင်းဖို့ အခွင့်အရေး ရချင်ပါသေးသည်' ဟု ပြောဆိုကြသည်။

"Mr.လီက အရမ်း ပေါ်ပြူလာဖြစ်တာပဲ"

စုကျစ်သည် လီလော့အား ကျီစယ်သည့်အနေဖြင့်

"လူတွေကို ပြုံးပျော်ရွှင်သွားအောင် လုပ်တဲ့နည်းကို ရှင့်ဆီကနေ သင်ထားဦးမှပါ"

"Mrs.စုသာ အဲ့လိုလုပ်နေမယ်ဆို ခင်ဗျားရဲ့ နတ်ဘုရားမအရှိန်အဝါတွေ ပျက်စီးသွားကုန်ပါ့မယ်"

လီလော့သည် ဘေးဘီဝဲယာအား ဝေ့ကြည့်လိုက်ကာ

"သင်ပြီးတော့ကော ဘယ်နား သွားသုံးဖို့လိုမှာလဲ .. ရယ်တတ်ပြုံးတတ်တဲ့ သူက သူ့အလိုလိုကို ပြုံးနေမိမှာပဲ .. မရယ်မပြုံးတတ်တဲ့ သူ အရှေ့ရောက်သွားရင် ခင်ဗျား ဘာပဲ လုပ်ပြနေနေ .. ဘယ်လိုမှ ရယ်နိုင်ကြမှာ မဟုတ်ဘူး"

စုကျစ်သည် လီလော့ အကြည့်လားရာအား လိုက်ကြည့်ကာ

"နောက်ပိုင်းစကားလုံးက မင်ယန့်ကို ပြောချင်တာများလား .. မင်ယန်က အထက်တန်းကျောင်းမှာတုန်းက ခုလို အရယ်အပြုံးမရှိဘဲ နေခဲ့တာတော့ မဟုတ်ပါဘူး"

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now