(၈၀)

7K 796 21
                                    

{Unicode}

အခန်း(၈၀)

လီလော့ ပြောသည်ကို ကြားလိုက်ရပြီးနောက် သွမ့်မင်ယန်၏ မျက်နှာပေါ်တွင် အမူအရာမျိုးစုံ ဖြတ်ပြေးသွားသည်။ သိသာစွာ အံ့အားသင့်သွားရခြင်းအပြင် ထိခိုက်ခံစားရခြင်း၊ နောင်တနှင့်အတူ ရှက်ရွံ့မှုအနည်းငယ်စွက်လျက်ရှိသည့် အားရကျေနပ်ခြင်း စသည်ဖြင့် ရောထွေးလို့နေသည်။

" မင်း၊ မင်း ဆံပင်မညှပ်ဘဲထားတာ ကိုယ့်ကြောင့်ပေါ့ "

" မင်းကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့်ရှိရဦးမလဲ "

လီလော့သည် တိတ်တိတ်လေး ပြုံးလိုက်ပြီး မျက်နှာခပ်တည်တည်ဖြင့်

" ငါက ဟိုးကတည်းကနေ ခုချိန်ထိ မင်းရဲ့ ပင်လယ်ကြီးထဲမှာပဲ ကူးခတ်နေခဲ့တာပါနော် "

သွမ့်မင်ယန်၏ အမြဲလိုလို သုန်မှုန်နေလေ့ရှိသည့် မျက်ဝန်းတွေသည် ခုတော့ဖြင့် အလင်းရောင် ခပ်ဖျော့ဖျော့ တောက်ပလို့နေသည်။

ထို့နောက် ထောက်ကန်ထားသည့် လက်တွေကို လျှောချလိုက်သည်တွင် သူ၏ လေးလံသည့် ခန္ဓာကိုယ်သည် အိပ်ရာပေါ် ဘုတ်ခနဲ ပြုတ်ကျသွားသည်။ ယခုမှပင် တင်းမာနေသည့် အာရုံကြောတွေ ပြေလျော့သွားဟန်ရကာ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်ပြီး လီလော့၏ လည်ပင်းနားတစ်ဝိုက် ဝဲကျနေသည့် ဆံပင်ရှည်တွေကြားထဲ မျက်နှာကို မြှုပ်လို့ကာ နမ်းရှိုက်နေ၏။

" ကိုယ်ထင်တာ၊ မင်းက မြစ်ပြင်ကျယ်ကြီးထဲ ကူးခတ်နေတာလားလို့ပေါ့ "

စက္ကန့်ပိုင်းအတွင်းမှာပင် လီလော့က ပြန်လည်တုန့်ပြန်သည်။

" ကျန်းလျို့ရှန်းကို ပြောတာလား၊ ဒင်းက ဘယ်နားကနေ ပါလာရပြန်တာတုန်း၊ မင်းပဲ သူ့နဲ့ ပတ်သက်ပြီး ဘာသံသယ .... "

လီလော့သည် ပြောနေရင်းနှင့် ရပ်သွားပြီး တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိသွားသည်။

" မဟုတ်မှ၊ ငါ ဆံပင်အရှည်ထားတာ သူ့ကြောင့်လို့တော့ တွေးနေတာ မဟုတ်ဘူးမလား၊ မင်း ? "

သွမ့်မင်ယန်က

" မင်း သူနဲ့ အလောင်းအစား လုပ်ထားတာလေ၊ မဟုတ်ဘူးလား "

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now